လက်ပံတောင်းတောင်ဒေသ ရွာသားတွေ ထပ်မံဒဏ်ရာရ

ဒီကနေ့ မနက်ပိုင်းက လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံစဉ် ပဋိပက္ခဖြစ်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်တဲအတွက် ဒေသခံကျေးရွာသား ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တုံရွာဖက်မှာလည်း ကုမ္ပဏီက ညနေပိုင်းမှာ အလားတူ ခြံစည်းရိုးခတ်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။
မိုးကြိုးပြင်ရွာနားမှာ ဝမ်ပေါင်ကုမ္ပဏီက တနင်္လာနေ့ မနေ့က လာရောက်ခြံစည်းရိုးခတ်စဉ် ဒေသခံကျေး ရွာသားတွေက တားဆီးခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်ကျေးရွာက ဒေါ်ခင်ဝင်းသေ ဆုံးခဲ့ပြီး ၁၃ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေ ကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသပေးနေ တယ်လို့ သတင်းရပါတယ်။
ယမန်နေ့က သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သယ်ယူသဂြိုဟ်ဖို့နဲ့ ဒေသခံကျေးရွာသားတွေကို ဆေးဝါးကုသပေးဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဆရာဝန်တွေအပြင် မန္တလေးမြို့က သံဃာတော်တချို့ ဒီကနေ့ တုံရွာကိုရောက်ရှိပြီး ပဋိပက္ခမဖြစ်အောင် ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ညဦးပိုင်းမှာ ဆလင်းကြီးရဲစခန်းကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင် မတင်ဇာခိုင်က ဒေါ်ခင်ဝင်း သေဆုံး ရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အမှုဖွင့်ခွင့်မပြုတဲ့အတွက် ဆက်လက်ညှိနိုင်းနေကြတယ်လို့ RFA ကို ပြော ပါတယ်။
"လောလောဆယ်တော့ သူတို့ဖက်က အမှုပေးမဖွင့်သေးပါဘူး၊ ကျမတို့စောင့်နေပါတယ်၊ အခုသူတို့ပြောတာ ကတော့ လောလောဆယ် နာကူကားကို ခေါ်ထားပါတယ်၊ နာကူကားနဲ့ အရင်ဦးဆုံး အလောင်းကိုသယ်ခဲ့ပေးပါ၊ ဒီရောက်တော့မှ အမှုဖွင့်ပါလို့လည်း ပြောနေတယ်ရှင့်၊ လောလောဆယ်တော့ ကျမတို့ ညှိနှိုင်းနေဆဲရှိပါတယ်ရှင်"
ဒီအတောအတွင်း မနေ့က ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ဆေးစစ်အဖြေထုတ်ပြီးမှာ သာ သတင်းထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲမှူးနေထွန်းက ပြောကြားခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသက ကျေးရွာတွေမှာ အခုလို ခြံစည်းရိုးခတ်တာဟာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဒေသခံကျေးရွာသားတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ သဘောတူညီမှုရရှိပြီးဖြစ်တဲ့အတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီ ဦးဆောင်ညွန်ကြားရေးမှူး Mr. Dong Yunfei က RFA ကိုပြောပါတယ်။
"အဲဒီ့မှာက ဝမ်ပေါင်က ဝန်ထမ်းပါတယ်၊ အဲ့ဒါဟုတ်တယ်၊ ဒါပေမဲ့ လုံခြုံရေးတာဝန်ယူထားတာက အကုန်လုံး ရဲတပ်ဖွဲ့က တာဝန်ယူထားတာရှိတယ်၊ ဝမ်ပေါင်ဝန်ထမ်းကျတော့ ကိုယ့်ယူနီဖောင်းဝတ်ပြီးတော့ ခြံစည်းရိုး ခတ်ဖို့၊ သံကြိုးဆွဲဖို့၊ တိုင်ထောင်ဖို့ သူတို့ကို မနေ့ကလည်း ဒေသခံကလည်း တုတ်၊ ဓါး၊ ခွနဲ့ ဝိုင်းချတာတွေ ရှိတယ်လေ၊ ကိုယ်ကာကွယ်နိုင်အောင်ဖို့ ကျနော်တို့ယူနီဖောင်းတွေရယ်၊ အင်္ကျီအထူနဲ့ ဦးထုတ်နဲ့ မျက်မှန် တပ်ထားပြီးတော့ ကိုယ်ကာကွယ်လို့ရအောင် ကျနော်တို့လုပ်ထားတာပေါ့"
စီမံကိန်းဧရိယာထဲမှာ ပါဝင်နေတဲ့ လယ်မြေဧက ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးယူ အကူအညီနဲ့ ကုမ္ပဏီဝန်ထမ်းတွေက အခုလိုခြံစည်းရိုး ကာရံနေတာဖြစ်ကြောင်း၊ ဒေသခံတွေနဲ့ အဆင်ပြေအောင် ညှိနိုင်းလိုကြောင်းနဲ့ အကြမ်းဖက်မှုဖြစ်ပွားတာကို မိမိတို့လည်း မလိုလားပါကြောင်းစသဖြင့် ဝမ်ပေါင်ကုမ္ပဏီက ပြောပါတယ်။
မနေ့ကနဲ့ ဒီနေ့ ဒေသခံကျေးရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုအထိ ဖြစ်တာနဲ့ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီက ဦးဆောင်ညွန်ကြားရေးမှူး Mr. Dong Yunfei ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ပံတောင်းတောင်ဒေသ ဒီနေ့ အခြေအနေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။