ဓါတ်ငွေ့ပိုက်လုံးချထားဖို့ သီပေါမှာ မြေယာသိမ်း
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းမယ့် သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားမည့် ဒေသက လယ်ယာ ခြံမြေတွေ သိမ်းဆည်းခံရကြောင်း သိရပါတယ်။
-
2011-07-21 -
-
-
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို သွယ်တန်းမည့် သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်း အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နေ့စဉ်နဲ့အမျှ သယ်ယူလာသော ပိုက်လုံးတင် ကားကြီးများကို တွေ့ရစဉ်။
ဓါတ်ပုံ - တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဒီစီမံကိန်းအတွက် တရုတ် ကုမ္ပဏီတွေက စတင် ပြင်ဆင်နေရာမှာ ရှမ်းပြည် မြောက်ပိုင်း ပလောင်ဒေသတွင်းမှာ ဖြစ်တဲ့ သီပေါမြို့ မိုးတေရွာမှာ ပိုက်လုံးကြီးတွေ ချထားနိုင်ဖို့ ဒေသခံတွေရဲ့ လယ်ယာ ခြံမြေ အချို့ ဒီလဆန်းပိုင်းမှာ သိမ်းဆည်းခံရတာပါ။
ပလောင်ဒေသခံတဦး ပြောပြတာကတော့ -
"ရွာသားတွေရဲ့ လယ်ယာ ခြံမြေ တွေကို သိမ်းတယ်။ ၅၀ ကျော် ၁၀၀ လောက် ရှိမယ်။ နေ့စဉ်ဆိုသလို ပိုက်လုံးတွေ တင်လာပြီးတော့ အဲဒီမှာ သိုလှောင်ထားတယ်။
အခုလက်ရှိကလည်း ပိုက်လိုင်းတွေကို ကျောက်မဲ၊ သီပေါ၊ နမ္မတူဘက်ကနေ ဖြတ်သန်းသွားပြီး ရွှေလီဘက် လမ်းတွေ ဖောက်လုပ်ဖို့ ရာထားတဲ့ မှတ်တိုင်တွေလည်း အကုန်လုံး ရာထားပြီးပြီ။ အခု နမ္မတူနဲ့ မယ်ဆိုင်ကြားက တချို့ လယ်ယာမြေတွေလည်း သိမ်းဆည်း ခံနေရတယ်။"
အဆိုပါ ပိုက်လုံးတွေကို တရုတ်နိုင်ငံ ရွှေလီကနေ မူဆယ်ကို ဖြတ်ပြီး ၁၂ ဘီးကားတွေနဲ့ နေ့စဉ် သယ်ယူလာနေတာ ဖြစ်ကြောင်း သိရပါတယ်။
အခုလို အသိမ်းခံရတဲ့ မြေယာတွေ အတွက် တရုတ် ကုမ္ပဏီနဲ့ ဒေသခံ အာဏာပိုင်တွေဘက်က နစ်နာကြေး လျှော်ကြေး ပေးမယ် ပြောထားပေမည့် အခုချိန်ထိ ဘာမှ အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ သဘာ၀ ဓါတ်ငွေ့ ပိုက်လိုင်းဟာ ရှမ်းပြည်နယ်အတွင်းက ပြင်ဦးလွင်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ပန်လုံ၊ နမ္မတူ စတဲ့မြို့တွေကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့အထိ သွယ်တန်းမှာ ဖြစ်ပါတယ်။