အချိန်ပိုဆင်းဖို့ငြင်းတဲ့ အလုပ်သမ ခုနစ်ဦး အလုပ်ထုတ်ခံရ
Myanmar Yong Jia Garment Color Correction အထည်ချုပ်စက်ရုံက အလုပ်သမ ခုနစ်ဦး အချိန်ပိုဆင်းဖို့ငြင်းဆန်တာကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်လို့ STUM က RFA ကိုပြောပါတယ်။
-
RFA Burmese
2024-02-29 -
-
-
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ Myanmar Yong Jia Garment Color Correction အထည်ချုပ်စက်ရုံက အလုပ်သမ ခုနစ်ဦး အချိန်ပိုဆင်းဖို့ငြင်းဆန်တာကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က RFA ကို မတ်လ ၁ ရက်နေ့က ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ပေါ်တာဆွဲတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ညနေ ၆ နာရီနောက်ပိုင်း အချိန်ပို အလုပ်ဆင်းဖို့အဆင်မပြေတဲ့အကြောင်း အလုပ်ရှင်ကိုတင်ပြခဲ့ရာမှာ အလုပ်ထုတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒါဟာ အလုပ်ရှင်က ဥပဒေမဲ့ အလုပ်ထုတ်လိုက်တာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက RFA ကိုပြောပါတယ်။
"အိုဗာတိုင် (overtime) ဆိုတာက အလုပ်သမားရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ ဆင်းရတာ၊ အလုပ်သမားဆန္ဒမပါရင် အလုပ်ရှင်က ခေါ်လို့မရဘူးလေ။ အဲဒါကို အလုပ်သမားက သိတယ်ဆိုလို့ရှိရင် ဒီနေ့ မဆင်းနိုင်ဘူးပေါ့၊ မဆင်းဘဲနေလို့ရတယ်။ ဒီနေ့မဆင်းဘူးဆိုလို့ရှိရင် နောက်နေ့မှာ ကျွန်မတို့ကို လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတယ်ဆိုလို့ရှိရင် ဥပဒေအရ သွားရမယ်။ ဘယ်လိုပုံစံမျိုး ခွဲခြားဆက်ဆံတာလဲ၊ EC (အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူ) စာချုပ် ချုပ်ထားလား၊ ဒါဆို အလည (အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန) မှာရှင်း။ EC စာချုပ် ချုပ်မထားသေးဘူးဆိုရင် အလစ (အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန) မှာ ရှင်း။ အခုဟာက အခြေအနေ အချိန်အခါအရ အချိန်ပိုမဆင်းနိုင်သေးဘူးပြောတာနဲ့ အလုပ်ထုတ်နေတာ ဥပဒေနဲ့ လုံးဝမညီဘူး"
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရပြီး ခွဲခြားဆက်ဆံခံနေရတယ်ဆိုရင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) မှာ လာရောက်တိုင်ကြားပြီး အကူအညီရယူနိုင်တယ်လို့လည်း သူကပြောပါတယ်။
အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမတစ်ဦးကတော့ ဒဏ်ကြေးငွေဆောင်ပြီး ပြန်တောင်းပန်ရင် အလုပ်ရှင်က အလုပ်ပြန်ခန့်ဖို့တော့ ပြောဆိုထားကြောင်း RFA ကိုပြောပါတယ်။
"ကျွန်မတို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ငါးယောက် အလုပ်ထုတ်ခံရတယ်။ နောက်နေ့ ၂၁ ရက်နေ့မှာ ကျွန်မတို့နဲ့ ပတ်သက်လို့ဆိုပြီး နှစ်ယောက်ကိုထပ်ထုတ်တယ်။ အားလုံး ခုနစ်ယောက် အထုတ်ခံရတာပေါ့၊ မိန်းကလေးတွေ ချည်းပဲ။ ဖေဖော်ဝါရီ ၂၄ နေ့မှာ အလုပ်ထုတ်ခံလိုက်ရတဲ့ ကျွန်မတို့ကို အလုပ်ရှင်သူဌေးက ပြန်ခေါ်ပြီး တစ်ယောက်ကို ဒဏ်ကြေး ငါးသောင်းစီ ပေးရမယ်၊ ငါ့ကိုတောင်းပန်ရင် အလုပ်ပြန်ခန့်မယ်လို့ ပြောပါတယ်"
အလုပ်သမားတွေ ပုံမှန်အလုပ်လုပ်ချိန်ထက်ပိုပြီး အချိန်ပိုဆင်းပေးနေရတာနဲ့ပတ်သက်လို့ Myanmar Yong Jia Garment Color Correction အထည်ချုပ်စက်ရုံ မန်နေဂျာနဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ကုမ္ပဏီတွေ မှတ်ပုံတင် တရားဝင်တင်ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာတော့ Myanmar Yong Jia Garment Color Correction Company limited အထည်ချုပ်စက်ရုံဟာ နှစ်စဉ်ပြန်တင်ရမယ့်ရက်မှာ မှတ်ပုံပြန်မတင်ထားတာကြောင့် ကုမ္ပဏီကို ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။