နောင်မွန်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် လူနဲ့ လယ်ထွန်နေရ

နောင်မွန်မြို့နယ်ထဲမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စိုက်ပျိုးရေးအတွက် လယ်ထွန်စက်တွေကို မသုံးနိုင်တော့ဘဲ လူအားအသုံးပြုပြီး လယ်ထွန်နေရပါတယ်။

ကချင်ပြည်နယ် နောင်မွန်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် လူဖြင့် လယ်ထွန်နေရသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းက တွေ့ရစဉ်။ Citizen Journalist

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဖြစ်တဲ့ ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စိုက်ပျိုးရေးအတွက် လယ်ထွန်စက်တွေကို မသုံးနိုင်တော့ဘဲ လူအားအသုံးပြုပြီး လယ်ထွန်နေရတယ်လို့ ဒေသခံတွေက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။

မတ်လ ၉ ရက်နေ့ကစလို့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကစလို့ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားပြီး စက်သုံးဆီတွေလည်း သယ်ယူလို့မရတော့ဘဲ ပြတ်လပ်နေခဲ့တာလို့ နောင်မွန်ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဆီက လုံးဝကို မရနိုင်တာ ဝယ်မယ့်နေရာကို မရှိတာ။ အခုလိုဖြစ်တာက နှစ်ပတ်လောက်ရှိပြီ။ အခုက ဆီမရှိတော့ ထယ်တောင် မထိုးနိုင်တော့ဘူး။ တချို့ကတော့ လူနဲ့ဝိုင်းဆွဲနေကြတယ်။ နွားတွေလည်း တရုတ်တွေကို အကုန်ရောင်းလိုက်ကြပြီ။ ရှိတဲ့နွားတွေကလည် စက်သုံးတာများတော့ ဒီအတိုင်းထိုးလို့မရဘူး သင်ပေးမှရတာ။ အရင်က ထယ်ထိုးတဲ့ဟာတွေက တရုတ်တွေကို ရောင်းလိုက်ပြီ”

စက်သုံးဆီရှားပါးနေတဲ့အတွက် အာဏာပိုင်တွေက လျှပ်စစ်မီးကို တစ်ရက်မှာ တစ်နာရီပဲ ပေးတော့သလို၊ ဆက်သွယ်ရေးတာဝါတိုင်တွေကိုလည်း ညဘက်မှာပိတ်ထားပြီး မနက်ပိုင်းရောက်မှ ပြန်ဖွင့်ပေးတော့တယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ပူတာအိုခရိုင်က လယ်သမားတွေ စိုက်ပျိုးထွန်ယက်နိုင်ဖို့အတွက် မန္တလေးမြို့ကနေ စစ်တပ်လေယာဉ်နဲ့ မေလ ၁ ရက်နေ့မှာ ဒီဇယ်ဆီ ပီပါ ၄၀ ကို ပူတာအိုမြို့က အာဏာပိုင်တွေထံ ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ‌ပေမဲ့ ဒီစက်သုံးဆီတွေဟာ ဒေသခံလယ်သမားတွေထံ ရောက်၊ မရောက်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ နောင်မွန်ဒေသခံတွေက ပြောပါတယ်။

အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ်အထိ စာရင်းတွေအရ နောင်မွန်မြို့နယ်မှာ လူဦးရေ ရှစ်ထောင်နီးပါး နေထိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org