ရန်ကုန်မှာ စက်သုံးဆီ ပြတ်လပ်မှု ဆိုးရွားလာပြီးနောက် ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်

စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးကြုံနေရပြီး ဝယ်ယူရခက်ခဲတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်လိုက်ရပြီး အွန်လိုင်းကနေ သင်ကြားရေးလုပ်နေကြရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်း တာဝန်ခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဝယ်ယူရန်စောင့်ဆိုင်းနေသည့်ကားများကို ၂၀၂၀၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။

စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးကြုံနေရပြီး ဝယ်ယူရခက်ခဲတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်လိုက်ရပြီး အွန်လိုင်းကနေ သင်ကြားရေးလုပ်နေကြရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်း တာဝန်ခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ စက်သုံးဆီ ပြတ်လပ်မှုတွေဖြစ်လာပြီး အခုရက်ပိုင်းမှာ ဝယ်မရတော့တာနဲ့ ဆီဆိုင်တချို့ ပိတ်ထားရတဲ့အထိ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့လည်း ဩဂုတ်လ ၁၄ ရက်နေ့ကစလို့ ယာယီပိတ်ခဲ့ပါတယ်။

ပုဂ္ဂလိကျောင်း လည်ပတ်နိုင်ရေးအတွက် စက်သုံးဆီရဖို့ လူငှားပြီး တန်းစီဝယ်ယူရတဲ့အခြေအနေ ဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်း တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ယာယီအနေနဲ့ ပိတ်တာပါ၊ တခြားကျောင်းတွေလည်း ပိတ်တယ်။ ဆီတွေပြန်ဝယ်လို့ရရင် ပြန်ဖွင့်မှာပါ။ ကျွန်တော်တို့ကျောင်းကတော့ ပိတ်ထားတာ နှစ်ရက်ပဲ ရှိပါသေးတယ်၊ ကျောင်းကား အကြို၊ အပို့တွေအတွက် ဆီရဖို့ ကျောင်းကနေ လူငှားပြီးတန်းစီခဲ့တာ မရလို့ ကျောင်းကိုယာယီအနေနဲ့ ပိတ်ထားလိုက်တာပါ။ ကျောင်းသားတွေကို အွန်လိုင်းကနေ ဆက်သင်ပေးနေပါတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ပုဂ္ဂလိက ကျောင်းဆရာမတစ်ဦးကလည်း အွန်လိုင်းကနေ သင်ကြားမှုဟာ လက်တွေ့သင်ကြားမှုလို ထိရောက်တဲ့အခြေအနေမှာမရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ပညာသင်ကြားရေး ထိခိုက်တယ်လို့ RFA ကို ပြောပါတယ်။

ရန်ကုန်က ပုဂ္ဂလိကကျောင်းတွေ ဘယ်လောက်အထိ ယာယီပိတ်ထားရသလဲဆိုတာတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။

စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် ရန်ကုန်က ပုဂ္ဂလိကကျောင်းတွေအပြင် လူမှုကူညီရေးအသင်းတွေလည်း လူနာတွေကို မကူညီနိုင်တော့ဘဲ ကားတွေကို ရပ်နားထားရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပုဂ္ဂလိကကျောင်းပေါင်း ၁၂၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းမှာ ၂၇၉ ကျောင်းရှိတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ၂၀၂၂-၂၃ ပညာသင်နှစ် အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ စက်သုံးဆီ ပြတ်လပ်တာမရှိဘူးလို့ ဩဂုတ်လ ၁၄ ရက်က စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ဩဂုတ်လ ၁၆ ရက်နေ့အထိ စက်သုံးဆီတွေ လိုသလောက်ဝယ်လို့မရသေးဘဲ တန်းစီနေရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org