FTUB အဖွဲ့ NDF နှင့် တွေ့ဆုံဆွေးနွေး
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် (FTUB) မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ဦးမောင်မောင်နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အဖွဲ့နဲ့တွေ့ဆုံပြီး လယ်သမား အလုပ်သမားကိစ္စတွေ၊ စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာကိစ္စတွေ၊ ILO ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
-
2012-09-19 -
-
-
ဆွေးနွေးပွဲကို ဒီနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ ရုံးခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး (FTUB) မှ ဦးမောင်မောင်က RFA ကို အခုလိုပြောပါတယ်။
"စီးပွားရေး ပိတ်ဆို့မှုကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အပြန်အလှန် ဆွေးနွေးကြတယ်။ နောက်ပြီးတော့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတွေရဲ့ တစ်ဦးချင်းဝင်ငွေ ကောင်းလာအောင် ဘယ်လိုလုပ်လို့ရမလဲ ဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးကြတယ်။ သူတို့က နိုင်ငံရေးပါတီဖြစ်တယ်။ ကျွန်တော်တို့က အလုပ်သမား သမဂ္ဂဖြစ်တဲ့အတွက် နိုင်ငံရေးပါတီရဲ့ ရှိသင့်တဲ့ နိုင်ငံရေး ပေါ်လစီတွေ၊ ကျွန်တော်တို့ အလုပ်သမား သမဂ္ဂတွေ လက်တွေ့လုပ်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးကြပါတယ်"
ဒီကနေ့ တွေ့ဆုံပွဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အားနည်းချက် အားသာချက်တွေအပြင် အလုပ်သမားဥပဒေ အသက်ဝင်မှုကိစ္စတွေကိုလည်း အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။