လူ့အခွင့်အရေး ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လက်မှတ်စုဆောင်း

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေးအတွက် တောင်းဆို တင်ပြမယ့် လက်မှတ်တွေ လိုက်လံစုဆောင်းနေတယ်လို့ သိရပါတယ်။

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။ hrdp

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အပါအဝင် ပြည်ပအတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် လက်ရှိအစိုးရက ကြိုးပမ်းနေတဲ့အချိန်မှာ အရင်အစိုးရ လက်ထက်က မတရားဖမ်းဆီးထားတဲ့ ဦးမြင့်အေး နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီမိုကရေစီဖော်ဆောင်နေတဲ့ အစိုးရတရပ်အနေနဲ့ လွှတ်ပေးသင့်တယ်လို့ လက်ရှိ HRDP ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။

ဦိးမြင့်အေးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွှတ်ပေးဖို့ သမ္မတထံ စာရေးသား တင်ပြသွားမှာဖြစ်ပြီး၊ ဝိုင်းဝန်းတောင်းဆိုတဲ့ လက်မှတ်တွေကိုပါ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် မြို့နယ်အသီးသီးမှာ လက်မှတ်တွေ လိုက်လံစုဆောင်းနေပြီး ဧရာဝတီတိုင်းတစ်ခုထဲမှာတင် အနည်းဆုံး လက်မှတ် ထောင်ဂဏန်းရရှိနေပြီလို့ ဦးမောင်မောင်လေး က ပြောပါတယ်။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့ကတည်းက စတင်ကောက်ခံနေပြီး၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ပြည်နယ်နဲ့ တိုင်း (၁၀) ခုမှာ HRDP အဖွဲ့ဝင်တွေကနေ တစ်ဆင့် လက်မှတ်တွေ ကောက်ခံနေပါတယ်။

ဦးမြင့်အေးကို ၂၀၀၈ ခုနှစ်က ဖမ်းဆီးခဲ့ပြီး၊ ဖေါက်ခွဲရေးပုဒ်မနဲ့ စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။ အဲဒီနောက် ထောင်ဒဏ် တစ်သက်နဲ့ ၈ နှစ် ချမှတ်ခံထားရပါတယ်။ ဦးမြင့်အေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပြီး HRDP လူ့အခွင့်အရေးကွန်ယက်ကို စတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org