ဂျာမန်တစ်ဦး မိုင်းထိသေဆုံးမှု ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်

တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းကျဆင်းနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်းက အထင်ကရ နေရာတစ်ခုဖြစ်တဲ့ သီပေါမြို့နယ်မှာ ဂျာမဏီနိုင်ငံသား တစ်ဦး မိုင်းထိလို့ သေဆုံးခဲ့ပါတယ်။

သီပေါမှာ နိုင်ငံခြားသား ခရီးသွားတွေ ရောက်ရှိနေစဉ် Photo Mr. Charles Rive View Lodge

တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းကျဆင်းနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်းက အထင်ကရ နေရာတစ်ခုဖြစ်တဲ့ သီပေါမြို့နယ်မှာ ဂျာမဏီနိုင်ငံသား တစ်ဦး မိုင်းထိလို့ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုထိခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မိုင်းထိခဲ့တဲ့ နိုင်ငံခြားသားတွေရဲ့အခြေအနေကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လားရှိုးရုံးခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်းက ပြောပါတယ်။

အဲဒီနိုင်ငံခြားသားတွေသွားခဲ့တဲ့ ကွန်ဟောက်ကျေးရွာလမ်းပိုင်းမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ ဂိတ်စခန်းတွေရှိနေသလို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နေရာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ  မြေပုံကြည့်ပြီး ဆိုင်ကယ်နဲ့ သွားလာချိန်မှာ မိုင်းထိသွားတာလို့ သီပေါမြို့ မစ္စတာဘိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ကိုမျိုးလွင်က ပြောပါတယ်။


၂ဝ၁၆ ခုနှစ် ဧပြီလကလည်း ကျောက်မဲမြို့နယ်မှာ ဂျာမန်ခရီးသွား နှစ်ယောက်နဲ့ ဧည့်လမ်းညွှန်တစ်ယောက် မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာရခဲ့ပါတယ်။

သီပေါမြို့မှာ လည်ပတ်စရာနေရာတွေကတော့ သီပေါဟော်နန်း၊ စော်ဘွားသချိုင်္င်း၊ ရေတံခွန်တွေ၊ ခြေလျင်တောင်တက်ခရီးတွေ အပါအဝင်လည်ပတ်စရာနေရာ ဆယ့်သုံးခုလောက်အထိရှိပြီး နိုင်ငံခြားသား တည်းခိုနိုင်တဲ့ ဟိုတယ် ၁၃ ခုလောက်အထိရှိတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ သီပေါမှာ လည်ပတ်ဖို့လာကြတဲ့ နိုင်ငံခြားသားတွေဟာ တချို့က ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အဖွဲ့လိုက်လာကြသလို တချို့ကတော့ တစ်ယောက်ချင်းစီ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်ကြပါတယ်။

တချို့က ဒေသခံဧည့်လမ်းညွှန် မငှားဘဲ ဆိုင်ကယ်နဲ့သွားလာကြတာမှာ ထိခိုက်မှုတွေ ရှိတတ်တဲ့အတွက် နိုင်ငံခြားသားတွေကို ဆိုင်ကယ်မငှားဖို့ ကန့်သတ်ထားကြတယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူ နိုင်ငံခြားသားရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့က သီပေါဆေးရုံမှာ ရင်ခွဲစစ်ဆေးခဲ့ပြီး အလောင်းကို ပြန်လည်သယ်ယူမလား၊ သီပေါမှာပဲ သဂြိုဟ်မလား မသိသေးပါဘူး။

ဂျာမဏီသံရုံးတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဟိုတယ်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတာဝန်ရှိသူက ဆိုပါတယ်။ နိုင်ငံခြားသား သွားလာခွင့်မရှိတဲ့နေရာကို သွားရောက်ခဲ့တဲ့အတွက်လည်း သူတို့ကို လဝက အက်ဥပဒေနဲ့ အရေးယူမလား ဆိုတာကိုလည်း တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ဈ / ၅၄ နဲ့ အမှုဖွင့်ထားတာတော့ရှိတယ်လို့ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အခုလို နိုင်ငံခြားသား မိုင်းထိတဲ့ဖြစ်စဉ်ဟာ ဒေသခံခရီးသွားလုပ်ငန်းအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေကြောင့် ခရီးသွားဝင်ရောက်မှုဟာ သိသိသာသာ ကျလာတယ်လို့ ဒေသခံတွေ ပြောကြပါတယ်။

ခရီးသွားလုပ်ငန်းကိုစွန့်ပြီး တခြားအလုပ် ပြောင်းလုပ်ကြတာတွေအထိ ရိုက်ခတ်မှုရှိတယ်လို့ မိုးမခ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းက မနှင်းက ပြောပါတယ်။

သီပေါမြို့ဟာ ၁၉၉၀ နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းမှာမှ ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်လာသလို ခရီးသွားလာရောက်မှုလည်း ပိုများလာတာလို့ ဆိုပါတယ်။ အဓိက လာရောက်လည်ပတ်သူတွေဟာ ဂျာမန်နဲ့ ပြင်သစ်နိုင်ငံသားတွေ အများဆုံးဖြစ်ပြီး အမေရိကန် အင်္ဂလန်နဲ့ တခြားနိုင်ငံသားတွေလည်း ရာသီအလိုက် လာရောက်လည်ပတ်ကြတာရှိပါတယ်။

ခရီးသွားများတဲ့ကာလမှာဆိုရင် တစ်ရက်ကို အယောက် သုံးရာလောက်အထိရှိတတ်ပြီး  တစ်နှစ်ပတ်လုံးမှာဆိုရင် တစ်သောင်းခွဲလောက်အထိရှိတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက် တိုက်ပွဲတွေ အကျိုးဆက်ကြောင့် ခရီးသွားဝင်ရောက်မှု ကျဆင်းလာတဲ့အခြေအနေကို သီပေါမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး စိုင်းကျော်မင်းယုက ပြောပါတယ်။

ရှမ်းမြောက်ဒေသဟာ နိုင်ငံခြားသားတွေ အထူးစိတ်ဝင်စားတဲ့ ဒေသထဲမှာ ပါဝင်ပါတယ်။

အထူးသဖြင့် ဒုတိယ ဆွစ်ဇလန်လို့ နိုင်ငံခြားသားတွေ တင်စားခေါ်ဝေါ်ကြတဲ့ ရှမ်းမြောက် နမ့်ဆန်ဒေသနဲ့ သမိုင်းဝင် ဘော်တွင်း မိုင်းဟောင်းရှိတဲ့ နမ္မတူမြို့တွေကို လည်ပတ်ချင်ကြပေမယ့် တိုက်ပွဲရှိတဲ့ နယ်မြေအခြေအနေတွေကြောင့် ခရီးသွားလာခွင့်တွေ ပိတ်ပင်ခံထားရပါတယ်။

စစ်ပွဲတွေရပ်တန့်ပြီး နယ်မြေအေးချမ်းလာရင် အဲဒီဒေသတွေမှာ ခရီးသွားတွေပိုမို လာရောက်နိုင်ပြီး ခရီးသွားလုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာမှာဖြစ်သလို ဒေသခံတွေရဲ့ လူမှုစီးပွား ဘဝတွေပါ တိုးတက်လာနိုင်တာကြောင့် စစ်ပွဲတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အောင်မြင်ရေးဟာ အရေးကြီးတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းထိမှန် သေဆုံးသွားတဲ့ ဂျာမနီနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်အတွက် ဝမ်းနည်းရကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့သလို ညောင်ရွှေမြို့ကို ရောက်ရှိနေတဲ့ ဂျာမနီသံအမတ်ကြီး သောမတ်စ်  နိုင်ဇင်ဂါရ် ဟာ မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သံအမတ်ကြီးက “မြေမြှုပ်မိုင်းကြောင့် ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံတဝှမ်း၊ ကမ္ဘာအနှံ့အပြားမှာလည်း လူတွေသေကြရတယ်။ မြေမြှုပ်မိုင်းတွေကို ဘယ်နေရာမှာမဆို တားဆီးပိတ်ပင်ဖို့ အချိန်တန်ပါပြီ။ မြန်မာအစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး စတင်ဆောင်ရွက်ကြဖို့ ကျနော် အရေးတကြီး တောင်းဆိုပါတယ်” လို့ ပြောလိုက်တာပါ။

ရှမ်း၊ ရခိုင် စတဲ့ ပဋိပက္ခဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေဟာ မြေမြှုပ်မိုင်းကို ထိရောက်တဲ့ လက်နက်အဖြစ် အသုံးပြုကြတဲ့အတွက် ရန်ဘက်တွေသာမက အရပ်သားအများအပြား ထိခိုက်သေဆုံးနေရပါတယ်။

ဒီအတောအတွင်း   နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ မိုင်းရှင်းလင်းရေးဆိုင်ရာ ညီလာခံတစ်ခုကို မြန်မာနိုင်ငံက စောင့်ကြည့်လေ့လာဆဲနိုင်ငံအဖြစ် တက်ရောက်ဖို့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး စေလွှတ်ထားပါတယ်။

နိုင်ငံတကာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂ဝ၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၄၃ဝ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ကမ္ဘာမှာ စတုတ္ထမြောက် မြေမြှုပ်မိုင်း အန္တရာယ်အကြီးမားဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org