မြန်မာနိုင်ငံမှာ ပြင်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၃ သန်းကျော်ရှိ
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာ နိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းဌါနရဲ့ အချက်အလက်ကိုကိုးကားပြီး တရုတ်ဆင်ဟွာသတင်းက ဖေါ်ပြလိုက်ပါတယ်။
-
2013-12-27 -
-
-
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းဌါနရဲ့ အချက်အလက်ကိုကိုးကားပြီး တရုတ်ဆင်ဟွာသတင်းက ဖေါ်ပြလိုက်ပါတယ်။
အဲဒီထဲမှာ ၃၇ ဒသမ ၆ သန်းက ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၆ ဒသမ ၆ သန်းက စိုက်ပျိုးရေးကဏ္ဍ၊ ၅ ဒသမ ၂ သန်းက ခရီးသွားလုပ်ငန်းကဏ္ဍနဲ့ ၄ သန်းကျော်က သတ္တုတူးဖေါ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြတာလို့ဆိုပါတယ်။ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာ ဗြိတိန်၊ ပြင်သစ်၊ တောင်ကိုရီးယားနဲ ဟောင်ကောင်ကျွန်းတို့က အများဆုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ သြဂုတ်လကုန်ထိစာရင်းအရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ၄ ထောင်ကျော်ရှိပြီး ဟောင်ကောင်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ ထောင့် ၄ ရာ ၅ ဆယ်၊ တောင်ကိုရီးယားက သန်း ၃ ထောင်ကျော်၊ စင်္ကာပူက သန်း ၂ ထောင်ကျော်၊ မလေးရှားက သန်း ၁ ထောင့် ၆ ရာကျော်နဲ့၊ ဂျပန်က ၂၇၄ သန်းဖြစ်ပါတယ်။
ဒါပေမယ့် အိမ်ခြံမြေဈေးတွေ အဆမတန်ကြီးနေတဲ့အတွက် နောက်ထပ်ဝင်မယ့် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဟန့်အတားဖြစ်နေတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်းအမျိုးသားထုတ်ကုန်တန်ဖိုး GDP ဟာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ကုန်ဈေးနှုန်းဖေါင်းပွမှုက ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ်မှာတော့ GDP တန်ဖိုး ၆ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ခြေရှိပြီး၊ ကုန်ဈေးနှုန်းဖေါင်းပွမှုက ၆ ဒသမ ၆ ရာခိုင်နှုန်းထိရှိနိုင်တယ်လို့ IMF က တွက်ချက်ထားပါတယ်။