ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြန်မာ့ သဘာဝသယံဇာတနဲ့ မြေယာကို မနစ်နာစေသင့်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ဆိတ်သုဉ်းနေတဲ့အတွက် တိုင်းပြည်ရဲ့ သဘာဝကျိန်စာပိုပြီး ဆိုးဝါးသွားတယ်လို့ Arakan Oil Watch ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ Photo: Shwe Gas Movement

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ ထုတ်ပြန်တဲ့ " မြန်မာ့သယံဇာတ ကျိန်စာ" ခေါင်းစဉ်နဲ့ "ရေနံနှင့်သဘာဝဓါတ်ငွေ့ ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှု ပြဿနာများ" ဆိုတဲ့ စာမျက်နှာ ၆၀ ပါအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပေမဲ့ နိုင်ငံမတိုးတက်ဘဲ လူထု ဆင်းရဲနေတဲ့အတွက် သဘာ၀ ကျိန်စာသင့်နေတဲ့နိုင်ငံ ဖြစ်နေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ပကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ရရှိနေပြီး၊ ၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ တခြားလုပ်ကွက်သုံးခုက သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်ရောင်းချတဲ့အခါ လက်ရှိဝင်ငွေရဲ့ နှစ်ဆနီးပါး တိုးလာမယ်လို့ ခန့်မှန်းရတဲ့အကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိ စမ်းသပ်ရှာဖွေ တူးဖော်နေတဲ့ တခြားရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း (၄ဝ) ကျော်ကလည်း၊ နိုင်ငံ့ဘဏ္ဍာဝင်ငွေ အမြောက်အများ ရရှိလာတယ်လို့ ဖော်ပြပါတယ်။ ဒီလို ဘဏ္ဍာဝင်ငွေ အမြောက်အများ ရရှိနေပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပြီး၊ ပြည်သူတွေဟာ စွမ်းအင်နဲ့လောင်စာ ပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

ဒီအစီရင်ခံစာနဲ့ အတူ BEWG မြန်မာ့ သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့ကလည်း စွမ်းအင်၊ ဓာတ်သတ္တုတူးဖော်ရေးနဲ့ မြေယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စံသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး၊ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတာတွေဟာ သဘာဝသယံဇာတနဲ့ မြေယာအခြေခံတဲ့ အငြင်းပွားမှုတွေကို မထိခိုက် မနစ်နာစေသင့်ဘူးလို့ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org