ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှုများ ရပ်နေ

စစ်အစိုးရ ခေါင်းဆောင်တွေ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ် တလွှား ရွေးကောက်ပွဲအတွက် စည်းရုံးရေး ပိုလုပ်လာနေတဲ့အတွက် ချင်းပြည်နယ်မှာ အရင်ကလို အာဏာပိုင်တွေက ဒေသခံတွေအပေါ် အတင်းအကျပ် လုပ်အားပေးခိုင်းစေတာနဲ့ အတင်းအကျပ် ငွေကြေးကောက်ခံတာတွေ မတွေ့ရတော့ဘူးလို့ ဒေသခံတချို့က RFA ကို ပြောပါတယ်။

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)

မကြာခင်ကမှ စစ်မှုထမ်းအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ချင်းပြည်နယ် ပယက ဥက္ကဋ္ဌကြီး ဗိုလ်မှူးချုပ်ဟောင်း ဟုန်ငိုင်းဟာ မင်းတပ်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ တပ်ကအရာရှိ ၂ ဦးနဲ့ အတူ ပြည်နယ်တွင်း စည်းရုံးရေးလုပ်နေတယ်လို့ သိရပါတယ်။

ဟားခါးမြို့ပေါ်ရှိ ရပ်ကွက် ၆ ခုမှာ မဲဆန္ဒမပေးရေး ဆွေးနွေးပွဲတွေကို NLD အဖွဲ့ဝင်တွေ အကြားမှာ လုပ်ဆောင်နေပြီး အဲဒီကနေတဆင့် လူထုအကြားကို ဆင့်ပွား ရှင်းပြကြမယ်လို့ ချင်းပြည်နယ် ဟားခါးမြို့နယ် NLD အတွင်းရေးမှူး ပူးဝှက်ချွန်းက RFA ကို ပြောပါတယ် ။

“ဘယ်ပါတီပဲဖြစ်ဖြစ်၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတွင်း သူတို့ လုပ်ကြတဲ့အတွက် ဒါ ဘာမှ မထူးဘူး။ NLD ­­ဒီမိုကရေစီ လိုချင်လို့ဆိုရင် မဲမပေးဖို့ ၆ ရက်လောက်ကို ကျွန်တော်တို့ ဆွေးနွေးပွဲ လုပ်တယ်။ ကျွန်တော်တို့ NLD အဖွဲ့ဝင်ပဲ။ ဘာခေါ်မလဲ လူထုထဲကို တအိမ်ဆင်း တအိမ်တက် စည်းရုံးရေး ဝင်ပါဆိုပြီး ကျွန်တော်တို့ မှာထားတယ်။”

တချိန်တည်းမှာလည်း မင်းတပ်မြို့နယ် မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပါတီရပ်တည်ချက်ကို ရှင်းလင်း ဟောပြောတာတွေ လုပ်နေတယ် သူက ဆက်ပြောပါတယ်။

“မင်းတပ်ကတော့ ကြက်ခြေခတ်ပါ၊ အဲဒါ သူတို့ တတ်နိုင်တဲ့နည်းနဲ့ ကြက်ခြေခတ်ပါဆိုပြီးတော့ လုပ်ထားပြီးပြီလို့ သူတို့ ပြောတယ်။ အဲဒါ ဘယ်သူမှ မဲမပေးပဲနဲ့ အဲဒီ မဲပြားမှာ ဘယ်သူ့နာမယ်၊ ဘယ်သူ့နာမယ်ဆိုတာ ဂရုမစိုက်ပဲနဲ့ ပယ်မဲဖြစ်အောင် ဒါ ကြက်ခြေခတ်၊ မဲမပေး မဲပြားမှာ ဒါ ကြက်ခြေခတ်ရမယ်ဆိုပြီးမှ အဲဒါ လုပ်တယ်။ အောင်မြင်မယ်ထင်တာပဲ၊ အထူးသဖြင့် အမျိုးသမီးတွေက ဘယ်သူမှ သူတို့ဟာ သူတို့ မဲမပေးချင်တော့ဘူးလေ။”

အလားတူ ချင်းပြည်နယ်အတွင်းက ဖလမ်းမြို့ အပါအဝင် ကျန်တဲ့ မြို့နယ်တွေမှာ NLD အဖွဲ့ဝင်တွေ ရွေးကောက်ပွဲ မဲမပေးရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပြီလို့ လည်းသိရပါတယ် ။

ချင်းပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကာတွန်းဆရာ ဦးဇိုဇမ်ခေါင်းဆောင်တဲ့ ချင်းအမျိုးသားပါတီနဲ့ ဦးလျှံကြယ် ခေါင်းဆောင်တဲ့ ချင်းတိုးတက်ရေးပါတီတို့ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ စည်းရုံးရေး လုပ်နေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org