မြင်းခြံ ဗကသကျောင်းသား ငါးဦး ပုဒ်မနှစ်ခုနဲ့ ထပ်တိုးအမှုဖွင့်ခံရ

မန္တလေးတိုင်း မြင်းခြံနယ်ထဲက တလုပ်မြို့တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗကသ ကျောင်းသားငါးယောက်ကို စစ်ကောင်စီက လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ အမှုထပ်တိုးဖွင့်ထားတယ်လို့ မြင်းခြံခရိုင်ကျောင်းသား သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အမည်မဖော်လိုသူတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။

၂၀၂၁ မေလ ၁၂ ရက်နေ့ မြင်းခြံမြို့နယ် တလုပ်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရတဲ့လူငယ်တွေကို တွေ့ရစဥ် Photo: Myanmar Military

မန္တလေးတိုင်း မြင်းခြံနယ်ထဲက တလုပ်မြို့တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗကသ ကျောင်းသားငါးယောက်ကို စစ်ကောင်စီက လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ အမှုထပ်တိုးဖွင့်ထားတယ် လို့ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အမည်မဖော်လိုသူတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။

အသက် ၂၇ နှစ် အရွယ် ဗကသ ကျောင်းသားဟောင်း ကိုစိုးရာဇာထွန်းလွင်နဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကျောင်းသားတွေဖြစ်တဲ့ ကိုငယ်၊ ကိုအောင်ကိုကို၊ မကောင်းဝေယံ တို့ကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဖမ်းဆီး ပြီး မြင်းခြံအကျဉ်းထောင်မှာ တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(က)၊ မီးရှို့ဖျက်ဆီး မှု ရာဇသတ်ကြီးပုဒ်မ - ၄၃၅ တို့နဲ့ အမှုရင်ဆိုင်နေရတာပါ။

အဲဒီနောက်မှာတော့ လူသတ်မှု ပုဒ်မ ၃၀၂၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉-စ တို့နဲ့ စစ်ကောင်စီက ဩဂုတ် လ ၁၀ ရက်နေ့မှာ ထပ်တိုးအမှုဖွင့်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က မြင်းခြံခရိုင် တလုပ်မြို့ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက ရွာထဲကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒီတိုက်ပွဲမှာ လက်ရှိအမှုဖွင့်ခံထားရတဲ့ ဗကသကျောင်းသား ငါးယောက်အပြင် ဗကသ ကျောင်းသား ကိုဇင်ကိုထွန်း လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုဇင်ကိုထွန်းဟာ ဖမ်းဆီးပြီး တစ်ရက်အကြာ မေလ ၁၃ ရက်နေ့မှာပဲ စစ်ကြောရေးမှာ သေဆုံးကြောင်းကို စစ်ကောင်စီဘက်က မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

သေဆုံးသူ ဗကသကျောင်းသား ကိုဇင်ကိုထွန်းရဲ့ ရုပ်အလောင်းမှာလည်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေရှိနေ သလို ဗကသ အလံတက်တူးကို မီးရှို့ခံထားရတာရှိခဲ့တယ်လို့ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org