ကယားက ဆန္ဒပြလူငယ် ၅ ဦး ခံဝန်မထိုးလို့ ဖမ်းဆီးခံရ
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်တရားစွဲထားရသူ ၅ ယောက်ကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ တရားသူကြီးက ထိုးခိုင်းတဲ့ ခံဝန်ကတိကို မထိုးတာကြောင့် ဖမ်းဆီးထားဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
-
2018-01-05 -

ဥပဒေကို အယုံအကြည်မရှိလို့ ခံဝန်ကို ငြင်းဆိုကြတဲ့အတွက်ကြောင့် အချုပ်ထောင်ကို အပို့ခံရတာလို့ ဒီကနေ့ တရားရုံးကို သွားရောက်စောင့်ကြည့်ခဲ့တဲ့ ကိုအသန်းက ပြောပါတယ်။
"ဒီနေ့က သူတို့ကို မြို့နယ်တရားရုံးမှာ ရုံးချိန်းတယ်၊ စီတန်းလှည့်လည်ခြင်း ငြိမ်းစုစည်ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဆွဲတင်တယ်၊ ၈ ရက်နေ့ ရုံးပြန်ချိန်းထားတယ်၊ ဒါပေမဲ့ သူတို့က ထောင်အချုပ်ထဲမှာပဲ ချုပ်နှောင်ထား ခံရမယ်လို့ ဖြစ်မယ်ထင်တယ်၊ အခုကတော့ ထောင်အချုပ်ထဲကို ပို့ထားတာပေါ့’’
ဒီဇင်ဘာလ ၂၀ ရက်နေ့က KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့ကြ တာပါ။
အဲဒီထဲက ဦးဆောင်သူတွေဖြစ်ကြတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့က ကိုမျိုးလှိုင်ဝင်း၊ ခွန်းဂျွန် ပေါလ်၊ ခွန်းရဲမင်းကျော်၊ ခွန်းဘိုဘိုနဲ့ ကိုဒီးဒီ တို့ကို လွိုင်ကော်မြို့နယ် ရဲစခန်းမှုးက တရားစွဲခဲ့ တာဖြစ်ပါတယ်။
အဲဒီလို တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံလူငယ်တွေပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ လွိုင်ကော်မြို့မှာ ရှုတ်ချပွဲလည်း ပြုလုပ်ခဲ့ပါတယ်။