LWF စစ်တွေရုံးဝန်ထမ်း ၈၀ တစ်ပြိုင်တည်းအလုပ်ထုတ်ခံရ

ဂျီနီဗာအခြေစိုက် The Luther World Federation အဖွဲ့ရဲ့ စစ်တွေရုံးခွဲက မြန်မာဝန်ထမ်း ၈၀ စက်တင်ဘာ ၄ ရက်နေ့က တစ်ပြိုင်တည်း အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီးတောင် ဒုက္ခသည်စခန်းသို့ ၂၀၁၈ ခုနှစ်တွင် LWF ဥက္ကဋ္ဌ ဒေါက်တာ Panti Filibus Musa ရောက်ရှိခဲ့စဉ်။ LWF

ဂျီနီဗာအခြေစိုက် The Luther World Federation အဖွဲ့ရဲ့ စစ်တွေရုံးခွဲက မြန်မာဝန်ထမ်းပေါင်း ၈၀ ဟာ စက်တင်ဘာ ၄ ရက်နေ့က တစ်ပြိုင်တည်း အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။

ဝန်ထမ်းတွေရဲ့ လစာငွေကို ယူရိုပေါက်စျေးအတိုင်းပေးဖို့ တောင်းဆိုရာမှာ အခုလို အလုပ်အထုတ်ခံရတာလို့ အမည်မဖော်လိုတဲ့ အလုပ်ထုတ်ခံရသူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကို ယူရိုငွေနဲ့ လစာပေးဖို့ စာချုပ်ချုပ်ထားတာလေ။ ကျွန်တော်တို့ ပုဂ္ဂလိကဘဏ်ကနေ လစာလွှဲပေးတာပေါ့။ ဒါပေမဲ့ အဲဒီဘဏ်ရဲ့ ပေါက်စျေးအတိုင်း မရဘူး။ တစ်ယူရိုကို ၂၁၀၀ ကျပ်နှုန်းပဲရတယ်။ ကျွန်တော်တို့အတွက် အများကြီး နစ်နာတယ်လေ။ ကျွန်တော်တို့ ပုံမှန်ပေါက်စျေးအတိုင်းရဖို့ တောင်းဆိုတာ နှစ်နဲ့ ချီနေပြီ။ သူတို့က ဘာမှလုပ်မပေးဘူး။ ဒါကြောင့် ကျွန်တော်တို့ စစ်တွေတစ်ရုံးလုံး ၈ လပိုင်း ၁၄ ရက်နေ့ကစလို့ ရုံးမတက်ဘဲ ဆန္ဒပြကြတယ်။ သူတို့က ဘာမှညှိနှိုင်းမှုမရှိဘူး။ ဒီလ ၄ ရက်နေ့မှာ စစ်တွေရုံးတစ်ရုံးလုံးက ဝန်ထမ်းတွေကို အီးမေးလ်ပို့ပြီး မတရားအလုပ်ထုတ်လိုက်တာပေါ့"

အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်းပါဝင်ပြီး တစ်နှစ်ကနေ သုံးနှစ်အထိ အလုပ်စာချုပ် ရှိတယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ လအတွက် လစာလည်းမရကြသလို အလုပ်ထုတ် ခံလိုက်ရတဲ့အတွက် နစ်နာကြေးတွေလည်းမရကြဘူးလို့ RFA ကို ပြောပါတယ်။

The Luther World Federation (LWF Myanmar) အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုနဲ့ ပညာရေးပိုင်းဆိုင်ရာ အကူအညီတွေကိုပေးနေတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

အခုလို LWF Myanmar ရဲ့ စစ်တွေရုံးက ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ LWF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ David mueller နဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲရေး မန်နေဂျာ Ruth Ait Bah တို့ကို RFA အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စက်တင်ဘာ ၄ ရက်နေ့က အလုပ်ရပ်နားကြောင်း ဝန်ထမ်းတွေဆီပေးပို့တဲ့စာထဲမှာတော့ ဝန်ထမ်းတွေဟာ LWF ရုံးရဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အလုပ် ထုတ်လိုက်တာလို့ ဖော်ပြထားကြောင်း အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org