မိုးကုတ်မှာ တရုတ်ပတ္တမြားကုမ္ပဏီနဲ့ ပတ္တမြားရှာသူတွေအကြား ပဋိပက္ခဖြစ်၊ မီးလောင်ပေါက်ကွဲမှုဖြစ်
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘောလုံးကြီးကျေးရွာမှာ ပတ္တမြားတူးဖော်တဲ့ တရုတ်လူမျိုးပိုင် ဌေးပိုင်ကုမ္ပဏီရဲ့ လုပ်ကွက်ထဲမှာ ပတ္တမြား ဝင်ရောက်ရှာဖွေသူတွေနဲ့ ကုမ္ပဏီအကြား မနေ့ညက ပဋိပက္ခဖြစ်ပွားပြီး ကုမ္ပဏီဂိုဒေါင်နဲ့ စက်ပစ္စည်းတွေ မီးလောင်ခဲ့ပါတယ်။
-
2019-04-01 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘောလုံးကြီးကျေးရွာမှာ ပတ္တမြားတူးဖော်တဲ့ တရုတ်လူမျိုးပိုင် ဌေးပိုင်ကုမ္ပဏီရဲ့ လုပ်ကွက်ထဲမှာ ပတ္တမြား ဝင်ရောက်ရှာဖွေသူတွေနဲ့ ကုမ္ပဏီအကြား မနေ့ညက ပဋိပက္ခဖြစ်ပွားပြီး ကုမ္ပဏီဂိုဒေါင်နဲ့ စက်ပစ္စည်းတွေ မီးလောင်ခဲ့ပါတယ်။
ဒီမီးလောင်မှုဟာ လုပ်ကွက်ထဲ ဝင်ရောက်ရှာဖွေသူတွေက ရှို့တာလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပေမယ့် ဒေသခံတွေဘက်ကတော့ အတည်ပြုပြောဆိုတာမရှိပါဘူး။
ဘောလုံးကြီးကျေးရွာ ဒေသခံတွေအပါအဝင် တခြားဒေသတွေကနေ လာရောက်ကြသူတွေဟာ ဌေးပိုင် ကုမ္ပဏီပိုင် ပတ္တမြားတူးဖော်တဲ့ လုပ်ကွက်ထဲမှာ လူရာချီပြီး ညစဉ်တူးဖော်ကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မနေ့ညက ဝင်ရောက်ရှာဖွေသူတွေကို ကုမ္ပဏီဘက်က တားမြစ်ရင်း ပဋိပက္ခဖြစ်ပွားပြီးနောက် မီးလောင်မှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီမီးလောင်မှုကြောင့် ကုမ္ပဏီရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲကာ အနီးအနားက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
၅ နာရီနီးပါးကြာ မီးလောင်မှုကြောင့် ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ မိုးကုတ်မြို့နယ် မီးသတ်ဦးစီးမှူးက RFA ကိုပြောပါတယ်။
ဒီမီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိုးကုတ်မြို့နယ်ရဲစခန်း၊ မြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီထံ RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။