ကရင် ဒီကေဘီအေနှင့် စစ်အစိုးရ တပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ
ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မြို့ကို ထွက်ပြေး ရောက်ရှိလာသူ နှစ်သောင်းခွဲကျော် ရှိနေပြီလို့ ဒီဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်းက ကိုမြတ်မင်းက ပြောပါတယ်။
-
2010-11-08 -
-
-
Your browser doesn’t support HTML5 audio
လက်ရှိ အခြေအနေအရ စစ်ပြေးဒုက္ခသည် ၂၇,၅၀၀ လောက်ဟာ မယ်တော်ဆေးခန်း အလွန်က စစ်တပ်ဝင်းထဲမှာ ရောက်ရှိနေပြီး ကျန်းမာရေး မကောင်းတဲ့ ဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ဆေးရုံကြီးနဲ့ ပူးပေါင်းပြီး ကုသပေးနေတယ်လို့ သူက ပြောပါတယ်။ မဲဆောက်မြို့ထဲမှာ ကားတွေနဲ့ လှည့်ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အလှူခံနေရာမှာ လောက်ငတဲ့အပြင် ပိုတောင် ပိုသေးတယ်လို့ ကိုမြတ်မင်းက RFA ကို ပြောပါတယ်။
တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ စစ်အစိုးရကို တိုက်နေတဲ့ ဗိုလ်မှူး နှုတ်ခမ်းမွေးကို DKBA ၉ သုံးလုံးတပ်က အပစ်ရပ်ဖို့ ကြားဝင် စေ့စပ်ပေးနေတယ်လို့ ဆိုပါတယ်။
စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ရင် ဒီကနေ့ ညနေပိုင်းမှာ တိုက်ပွဲတွေ ပိုပြီး ဖြစ်လာနိုင်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက ရတဲ့ သတင်းတွေအရ မြဝတီမြို့တွင်းကို ဝင်လာတဲ့ DKBA ကားနှစ်စီးကို စစ်အစိုးရတပ်တွေက တိုက်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီကနေ့ မနက် ၁၁ နာရီလောက်က ဘုရားသုံးဆူမြို့တွင်းမှာလည်း DKBA နဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီက မကြဲလိုက ခုလိုပြောပါတယ်။
လောလောဆယ်ရရှိထားတဲ့ သတင်းတွေအရ မြန်မာဖက်က ၄ ဦးကျ၊ ၃ ဦး ဒဏ်ရာရပြီး ဆေးရုံမှာ ရောက်နေတယ်လို့ သိရပါတယ်။ ဆေးရုံကိုလည်း DKBA က ထိန်းထားထားတယ်လို့ ဆိုပါတယ်။ ရပ်ကွက် ၄ မှာ DKBA က ဗိုလ်အေဝမ်းက စပစ်ပြီး အဲဒီကနေ အက်စ်ဘီရုံး၊ သစ်တောရုံးတွေကို သူတို့ ထိန်းထားတယ်လို့ သူက ပြောပြပါတယ်။
DKBA အင်အား ၁၀၀ လောက်ပဲ ရှိပြီး မြို့တွင်းနေရာတချို့ကို ထိန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အစိုးရတပ် အင်အားက ၈၀ လောက်ပဲ ရှိပြီး ပင်မကုန်း၊ နဂါးတောင်နဲ့ ဘုရင်နောင်ကုန်းတွေမှာ တပ်စွဲထားပြီး မြို့တွင်းကို ဝင်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေအကြား ပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဖက်ကို လက်နက်ကြီးတွေ ကျတာ ရှိပေမဲ့ မြန်မာနိုင်ငံဖက်ကို တန်ပြန်ပစ်ခတ်မှု မလုပ်ဖို့ ထိုင်းတပ်တွေကို ညွှန်ကြားထားတယ်လို့ ဗန်ကောက်ပို့စ် သတင်းစာမှာ ဒီနေ့ ရေးထားပါတယ်။ သေနတ်သံတွေကြောင့် နယ်စပ်တလျှောက် အန်ဂျီအိုတွေ ဖွင့်လှစ်ထားတဲ့ မြန်မာအလုပ်သမား ကလေးတွေရဲ့ ကျောင်းတွေကို ပိတ်ဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
မဲဆောက်မြို့စာသင်ကျောင်းတကျောင်းက ဆရာမတဦးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
လက်နက်ကြီးတွေ ကျနေလို့ နယ်စပ်နဲ့ နီးတဲ့ ကျောင်းတွေက ကြောက်လန့်ပြီး ပိတ်ကြတာ ဖြစ်ပြီး CTC ဆိုတဲ့ အထက်တန်းကျောင်းကြီးလည်း ပိတ်တဲ့အထဲမှာ ပါဝင်ကြောင်း ဆရာမက ပြောပါတယ်။
ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေဟာ လနဲ့ချီပြီး ကြာနိုင်တယ်လို့ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံဖက်က ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့လည်း ထိုင်းနိုင်ငံက အဆင်သင့် ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် အာဘီးဆစ်က ပြောပါတယ်။
အခုနောက်ဆုံးရတဲ့ ထပ်မံသတင်းအရ ဒီကေဘီအေ တပ်ရင်းတွေနဲ့ စစ်အစိုးရတပ်တွေအကြား မြဝတီမြို့ထဲမှာ ဆက်လက် တိုက်ပွဲဖြစ်နေပြီး ဒီညမှာ တိုက်ပွဲ ပိုပြင်းထန်ဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။ စစ်အစိုးရ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလောက်က အင်အား ၁၀၀၀ လောက်ဟာ မြဝတီမြို့ဖက်ကို ဦးတည်လာနေတဲ့အတွက် ဒီကေဘီအေ တချို့တပ်တွေနဲ့ ကော့ကရိတ်ဘက်မှာ တိုက်ပွဲငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီအေဘီအေ တပ်ရင်း ၉၀၂ ဟာ မြဝတီမြို့တွင်းမှာ ရှိနေပြီး ကျန်တဲ့တပ်တွေဟာ မြဝတီမြို့တွင်းနဲ့ မြို့ပြင်မှာ ဖြန့်ကျက်ထားပါတယ်။ တပ်ရင်း ၉၀၇ ကတော့ မြဝတီမြို့ပြင်နဲ့ တခြားနေရာတွေမှာ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။ ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်နေပြီး ညဖက်မှာ တိုက်ပွဲ ပိုပြင်းထန်မယ်လို တွက်ချက်ထားကြောင်း ဒီကေဘီအေ တပ်မှူး ဗိုလ်မှူး စောကျော်သက်က ပြောပါတယ်။
ဒီကေဘီအေ တပ်တွေနဲ့ ပုံမှန် အဆက်အသွယ် ရှိနေတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်မှူး ခင်ကျော်က မနေ့က ရွေးကောက်ပွဲနေ့မှာ မြဝတီကို ဝင်တိုက်တာဟာ ကြိုတင်ပြင်ဆင်ပြီးမှ တိုက်တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ညနေ ၅ နာရီမှာတော့ ဒီ မြဝတီ တမြို့လုံးနီးပါးကိုတော့ DKBA က အကုန်လုံး ဝင်ပြီးတော့၊ အခု ကျွန်တော် နောက်ဆုံးရတဲ့ အခြေအနေကတော့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ တချို့ အစိုးရ အဆောင်တွေကို မီးရှို့ပစ်လိုက်တယ်လို့ အဲလို သတင်းရတယ်လေ။ ဒီမှာ လေ့လာမိသလောက်ကတော့ ဒီကိစ္စက နိုင်ငံရေးအရ နည်းနည်း ပတ်သက်နေတယ်လို့ ထင်တယ်။ ဘာ့ကြောင့်ဆိုတဲ့အခါကျတော့ ဘော်ဒါဂတ်ကိစ္စတွေ၊ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ အရင် ရွေးကောက်ပွဲကိစ္စတွေ၊ ရွေးကောက်ပွဲကိုလည်း သူတို့က ထောက်ခံတာမဟုတ်ဖူး၊ ဘော်ဒါဂတ်ကိုလည်း လက်ခံတာ မဟုတ်ဖူး။”
“နောက်တခုက တနိုင်ငံလုံးအရေးနဲ့လည်း ပတ်သက်နေတယ်၊ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတယ်၊ ပြီးတဲ့အခါကျလို့ ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့က ထောက်ခံတယ်။ အဖွဲ့အားလုံးနဲ့လည်း သူတို့ ဆက်လုပ် သွားမယ်ဆိုတဲ့အကြောင်း၊ ဒီ တချို့အမြင်တွေမှာကတော့ ကိုယ်ကျိုးစီးပွားအရ ဖြစ်တယ်လို့ မြင်ပေမဲ့ ကျွန်တော်ကတော့ အဲလိုမမြင်ဘူး၊ ဒီဥစ္စာ တနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ကိစ္စတခုကို ဗိုလ်မုတ်သုန်အဖွဲ့က လုပ်တယ်လို့ ကျွန်တော်က အဲလိုပဲ ယုံကြည်နေတယ်လေ။”
စစ်အစိုးရတပ်မ ၂၂ အပြင် မော်လမြိုင်ဖက်က နောက်ထပ် စစ်ကူတွေလည်း မြဝတီဖက်ကို ဦးတည် လာနေတယ်လို့ သိရပါတယ်။
မြဝတီမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အကျအဆုံး ရှိတယ်လို့ ကြားသိရပေမဲ့ အတည်ပြုချက် မရရှိပါဘူး။ ဒါ့အပြင် မြန်မာ စစ်အစိုးရတပ်က အရာရှိတဦး အပါအဝင် ၈ ဦး ကို DKBA က ဖမ်းမိထားတယ်လို့ သတင်းရရှိပါတယ်။
ဖမ်းဆီးရမိထားသူဟာ ဗိုလ်ကြီးသက်နိုင် ဆိုသူဖြစ်ပြီး RFA က ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။
သုံ့ပန်း ဗိုလ်ကြီး သက်နိုင်နှင့် ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |