မင်္ဂလာဒုံမြို့နယ် လယ်သမား (၇၅) ဦး ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ ဒီကနေ့ နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

၂၀၁၂ စက်တင်ဘာလ ၇ ရက်က ဆင်ဖုံကျေးရွာနှင့် သင်္ဃန်းကျွန်းကြီးကျေးရွာမှ လယ်သမားများ ထောက်ကြံံ့မြို့ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ်။ RFA

ဆန္ဒထုတ်ဖော်ပွဲနဲ့အတူ လယ်သမားတွေ၊ လယ်သမား ကိုယ်စားလှယ်တွေနဲ့ လယ်သမားအရေး လိုက်ပါ ကူညီပေးသူတွေဟာ ဒီကနေ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ရုံးချုပ်မှာ အစည်းအဝေး ကျင်းပခဲ့ပြီး ရှေ့ဆက် လုပ်ဆောင်မယ့် ကိစ္စတွေကို တိုင်ပင်ဖလှယ်တယ်လို့ လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ထက်ထက်ဦးဝေက RFA ကို အခုလို ပြောပြပါတယ်။

"အခုပဲ လယ်သမားတွေနဲ့ လယ်သမား ျခါင်းဆောင်တွေနဲ့ရော၊ လယ်သမား ၃၀ ကျော်နဲ့ ကျွန်မညှိနှိုင်း ဆွေးနွေးနေပါတယ်။ လယ်သမားတွေ အကုန်လုံးက ညှိနှိုင်းဆွေးနွေးတာကို သူတို့က သဘောကျတယ်ပေါ့။ ကျွန်မတို့ဘက်ကတော့ သေချာတာကတော့ ညှိနှိုင်းဖို့က သေချာသွားပြီလေ။ လယ်ပြန်မတောင်းပဲနဲ့ ပေးမယ် ဆိုခဲ့လို့ရှိရင် သူတို့က လယ်ဧကရဲ့ တန်ဖိုး ၁၀ ရာခိုင်နှုန်း၊ သို့သော် သိန်းသုံးထောင် လေးထောင် ပေါက်နေလို့ ရှိရင်လည်း သူတို့က ၁၀ ရာခိုင်နှုန်းဆို သုံးရာ လေးရာ ဒီလိုမျိုး သူတို့ မသတ်မှတ်ဘူး။ သူတို့ရဲ့ ခေတ်ကာလ ပေါက်ဈေးအရ အခု ရွှေနံသာဆို ဈေးမြင့်နေတယ် ဆိုလို့ရှိရင် တစ်ဧကကို သိန်း တစ်ရာနှုန်း၊ တခြားနေရာတွေဆိုရင် ဇုန် ၁၊ ဇုန် ၂၊ ဇုန် ၃ ဆိုလို့ရှိရင်တော့ ဈေးလေး နည်းနည်းနိမ့်တယ်။ သူတို့က တစ်ဧကကို သိန်း ၅၀ နှုန်းရရင် သူတို့ ကျေနပ်တယ်လို့ အခုအဲလို ပြောနေတာ။ သူတို့ လျော်ကြေး၊ နစ်နာကြေး လိုချင်တယ်လို့ လယ်သမားတွေက ပြောနေတာ"

ဒီကနေ့ လယ်သမားတွေရဲ့ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သတ်ပြီး ဇေကမ္ဘာ ကုမ္ပဏီက အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးမြင့်ဇော်က အခုလိုပြောပါတယ်။

"သူတို့က ပြန်ပြီးတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကဟာကို ပြန်ပြီးတောင်းတယ်ဆိုတော့ ဒါကတော့ ဒီဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာန၊ အိုးအိမ်နဲ့ ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနကို သူတို့တိုက်ရိုက် ရှင်းရမဲ့ကိစ္စ။ ဇေကမ္ဘာကတော့ ဘာမှ ပြောစရာ မရှိပါဘူး"

လယ်သမား (၇၅) ဦးရဲ့ ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထောက်ကြံံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ဦးဆောင် စီစဉ်ပေးခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် မထက်ထက်ဦးဝေက ညှိနှိုင်းမှုရေးရာပိုင်း ဆိုင်ရာအတွက် လိုက်လံ ကူညီပေးခဲ့တာလို့ သိရပါတယ်။

ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေကြားမှာ ဖြစ်ပေါ်တဲ့ လယ်ယာမြေ ပိုင်ဆိုင်မှု ပြဿနာနဲ့ ပတ်သတ်ပြီး မှန်မှန်ကန်ကန် ထပ်မံ စစ်ဆေးပေးနိုင်မယ့် စစ်ဆေးရေး အဖွဲ့အစည်းမျိုး လိုအပ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို ဒီကနေ့ နေ့လည် (၁၂) နာရီကနေ မွန်းလွဲ (၂) နာရီထိ ပြုလုပ်ခဲ့ပြီး လုံခြုံရေး ရဲအင်အား (၂၀) လောက် အနီးအနားမှာ အသင့်လာရောက် နေတာကို တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org