လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီ အဓမ္မသိမ်းယူ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က လယ်ယာမြေတွေကို ဇေကမ္ဘာ ကုမ္ပဏီက မတန်တဆ ဈေးနှိမ် ရယူထားတဲ့ ကိစ္စကို လယ်သမားတွေက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူ အဖွဲ့ကို ဒီကနေ့ လာရောက် တင်ပြပါတယ်။

ရေသွင်း လယ်ကွင်းတခုတွင် ပျိုးပင်များ စိုက်နေသော လယ်သူမများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ပေါင်းကူကျေးရွာနဲ့ ဘားလား ကျေးရွာကြားက လယ်မြေတွေမှာ လုပ်ကိုင်နေတဲ့ လယ်သမားတွေက လာရောက် တင်ပြတာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"မင်္ဂလာဒုံက လယ်သမားတစုက သူတို့ရဲ့ လယ်ယာမြေ ဧက ၉၀၀ လောက်ကို ဇေကမ္ဘာ ကုမ္ပဏီက ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ အဓမ္မ သိမ်းယူတဲ့ ကိစ္စကို ကျနော်တို့ ဗဟို ဥပဒေပြု အထောက်အကူ အဖွဲ့ကို လာရောက် တင်ပြပါတယ်။"

ဒီလယ်မြေကိစ္စကို အာအက်ဖ်အေက ထုတ်လွှင့်ဖူးပြီး လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေကို တိုင်ကြားတဲ့ အတွက် တိုင်းနဲ့ခရိုင် မြေစာရင်း ဦးစီးမှူးတွေ၊ ဆောက်လုပ်ရေး လုပ်ငန်း ဦးစီးဌာနက အင်ဂျင်နီယာတွေက လယ်သမားတွေကို ဧပြီလတုန်းက ခေါ်ယူ စစ်ဆေးပါတယ်။

အဲဒီနောက် ဇေကမ္ဘာ ကုမ္ပဏီက မတန်တဆ ဈေးနှိမ်ပြီး အမ်းယူတာကို မရောင်းဘဲ တင်းခံတဲ့ လယ်သမားတွေကို မေလမှာ သီးစား ပြန်တင်ခွင့် ပေးလိုက်တဲ့ အပြင် ဇေကမ္ဘာ ကုမ္ပဏီက လျော်ကြေးပေးပြီး ယူထားတဲ့ လယ်မြေ ဧက ၈၀၀ ကျော်ထဲက လယ်သမားတွေ နံမည်ပေါက်တဲ့ လယ်ယာမြေတွေကိုလည်း လယ်သမားတွေ နံမည်နဲ့ပဲ သီးစား ပြန်တင်ခိုင်းခဲ့ ပါတယ်။

လယ်သမားတွေက သီးစား ပြန်တင်ပေမဲ့ လယ်လုပ်နေတဲ့ လယ်သမားတွေ နံမည်နဲ့ မဟုတ်ဘဲ လယ်တွေမှာ တခြား နံမည်တွေကို လွန်ခဲ့တဲ့ နှစ်ရက်က ဆိုင်းဘုတ် လာထူတဲ့ အတွက် NLD ဗဟိုဥပဒေ အထောက်အကူ အဖွဲ့ကို လာရောက် တင်ပြရတာလို့ လယ်သမားကြီး ဦးကျော်စိန်က ပြောပါတယ်။

"တဧက ငွေ ၃ သိန်းပေးတာ ဂရုဏာကြေးပေးတာ။ ကျနော်တို့က သူတို့ကို ရောင်းထားတာလည်း မဟုတ်ဘူး။ အခု သူတို့ နာမည်တွေနဲ့ ဆိုင်းဘုတ်လာတင်ထားတာ။"

မွန်တိုင်းရင်းသား လယ်သမားကြီး ဦးကျော်စိန်က ပြောသွားတာပါ။

လယ်သမား ၁၂၀ လောက် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ် ဧက တထောင်ကျော်ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူပြီး စက်မှုဇုံ ထူထောင်နေတာလို့လည်း လယ်သမားတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org