ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီက အပြင်းအထန်ခုခံနေ

တိုက်ပွဲကြောင့် ဖလမ်းမြို့က ဒေသခံတွေ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်နေကြရပြီး ထွက်ပြေးဖို့ ခက်ခဲတဲ့ အသက်ကြီး နာတာရှည်ရောဂါရှိတဲ့သူနဲ့ အိမ်စောင့်အဖြစ် ကျန်နေတဲ့သူတွေ ပိတ်မိနေပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဒေသခံများ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရန် ပြင်ဆင်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပါဝင်တဲ့ ချင်းညီနောင် ပူးပေါင်းတပ်တို့ မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဖလမ်းမြို့ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကလေးမြို့ ကနေ ဖလမ်းမြို့ကို နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ဆက်တိုက် တာဝေးပစ်လက်နက်ကြီး မစ်ဇိုင်း (missile) တွေနဲ့ ပစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေး အမြောက်တပ်ကနေ လှမ်းပစ်နေတာ၊ အဝေးပစ် မစ်ဇိုင်းတွေနဲ့ အတွဲလိုက်ပစ်နေတာပေါ့။ နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ကနေ့ မစ်ဇိုင်းဒုံး တစ်လုံး လှမ်းပစ်တယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ မှာ မနက် ၈ နာရီ ကစပြီး တစ်နာရီခြားတစ်ခါ ညပိုင်းအထိ ဆက်ပစ်နေတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကလေးဘက်က ငြိမ်နေသေးတယ်"

နိုဝင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဖလမ်းမြို့ခံတွေက ပြောပါတယ်။ မြို့ပေါ်က ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဖလမ်းမြို့က ဒေသခံတွေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖလမ်းမြို့ထဲမှာ ထွက်ပြေးဖို့ ခက်ခဲတဲ့ အသက်ကြီး နာတာရှည်ရောဂါရှိတဲ့သူနဲ့ အိမ်စောင့်အဖြစ် ကျန်နေတဲ့သူတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်တုန်းက နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာရသွားပါတယ်။

လက်ရှိစစ်ရေးအခြေနေ အခြေနေနဲ့ ပတ်သက်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ချင်းအမျိုးသားကာကွယ်ရေတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကတော့ ဖလမ်းမြို့ အပါအဝင် မြို့အားလုံးကို ၂၀၂၄ မတိုင်ခင် သိမ်းပိုက်ဖို့ ကြိုးပမ်း နေတယ်လို့ RFA ကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org