ပြည်ပပို့ကုန်ရငွေကို သတ်မှတ်ရက်အတွင်း ဘဏ်ထဲမသွင်းရင် အရေးယူမယ်လို့ စစ်ကောင်စီပြော

ပြည်ပပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေကို သတ်မှတ်ရက်အတွင်း ဘဏ်ငွေစာရင်းထဲ နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်ပေးရမှာဖြစ်ပြီး လိုက်နာခြင်းမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကုန်တင်ကုန်ချ ဆိပ်ကမ်းကို ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ်။

ပြည်ပပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေကို သတ်မှတ်ရက်အတွင်း ဘဏ်ငွေစာရင်းထဲ နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်ပေးရမှာဖြစ်ပြီး လိုက်နာခြင်းမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားသွင်းကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုဝင်ဘာလ ၁၁ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာရှနိုင်ငံတွေကိုတင်ပို့တဲ့ ပို့ကုန်တွေအတွက် ပို့ကုန်ရငွေကို တင်ပို့တဲ့နေ့ကနေ ၄၅ ရက်အတွင်း၊ အာရှနိုင်ငံတွေကလွဲပြီး တခြားနိုင်ငံတွေကို တင်ပို့တဲ့ပို့ကုန်ရငွေကို ရက်ပေါင်းကိုးဆယ်အတွင်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပို့ကုန်တင်ပို့သူရဲ့ ဘဏ်စာရင်းထဲ ကို နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်သွင်းရမှာလို့ ဆိုပါတယ်။

ပို့ကုန်ရငွေကို ဘဏ်ငွေစာရင်းထဲ မသွင်းသူတွေ ပိုများလာတဲ့အပြင် နာမည်ခံကုမ္ပဏီဖွင့်ပြီး ဘဏ်ငွေစာရင်း မသွင်းတာတွေရှိလာတာကြောင့် အခုလိုအရေးယူဖို့တွေ ဖြစ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြန်မသွင်းတဲ့သူတွေက တော်တော်လေးများနေတယ်၊ အခုလက်ရှိမှာ။ အဲဒါကတစ်ခုပေါ့ဗျာ။ နောက်တစ်ခုက တချို့တွေက နာမည်ခံကုမ္ပဏီ လုပ်တာဗျာ။ အခုက စီးပွားရေးကလည်း မပြေလည်ကြဘူး။ ပျံကျတွေဆီကနေ မှတ်ပုံတင်တွေ၊ ဘာတွေငှားပြီးတော့မှ ကုမ္ပဏီ ကောက်ထောင်တာပေါ့။ တစ်ခေါက် ပို့လိုက်တယ်၊ ပိုက်ဆံပြန်မဝင်ဘူးပေါ့ဗျာ။ ပိုက်ဆံကပြန်ဝင်ရင် ရှုံးတာကိုး။ အဲလိုမှ မဟုတ်ရင်လည်း ပို့ဖို့က ခက်သွားပြီလေ။ ခက်သွားပြီဆိုတော့ ပို့မယ်ဆိုရင် အဲဒီနည်းလမ်းနဲ့ လုပ်ကြတာပေါ့။ အဲလိုလုပ်လို့လည်း အခု DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) ဘက်ကလည်း ကုမ္ပဏီမှတ်ပုံတင်မယ်ဆိုရင် အခုက ရုံးခန်းလာစစ်တာတို့၊ ဘာတို့ ဖြစ်လာတယ်။ ချက်ချင်းမကျတော့ဘူး။ ပို့ကုန်၊ သွင်းကုန်လိုင်စင်ဆိုရင်လည်း ဟိုတုန်းက နာရီပိုင်းလောက်နဲ့ရတာ။ အခုဆိုရင် ခြောက်လလောက်ကြာတယ်။ အဲလိုအနေအထားမျိုးတွေ ဖြစ်ကုန်ပြီ"

တစ်ဖက်မှာလည်း မဖြစ်မနေလဲပေးရမယ့် ပို့ကုန်ရငွေပမာဏကို ၆၅ ရာခိုင်နှုန်းကနေ ငါးဆယ်ရာခိုင်နှုန်းအထိ ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် ဗဟိုဘဏ်ရဲ့သတ်မှတ်ဈေးကြောင့် ဘဏ်ငွေစာရင်းမသွင်းသူ ပိုများလာတာလို့ ဆိုပါတယ်။

"ကျွန်တော်တို့ဆိုရင် လုံးလုံးရပ်သွားပြီပေါ့နော်။ အခုအခြေအနေအရ ပို့လို့မကိုက်ဘူးဗျ။ ပွင့်ပွင့်လင်းလင်း ပြောပြတာ။ သူတို့က ငါးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းစီ ပေးတယ် ပြောပေမယ့် တကယ်တမ်း ၆၅၊ ၃၅ ထက်တောင် ဆိုးသွားပြီ။ ကျွန်တော်တို့ရတဲ့ ပထမ ငါးဆယ်ရာခိုင်နှုန်းက ကျပ် ၂၁၀၀ နဲ့လဲတယ်။ ဒုတိယ ငါးဆယ်ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးဆိုတာက အပြင်ပေါက်ဈေးမဟုတ်ဘူး။ ဗဟိုဘဏ်က လုပ်ထားတဲ့ ဈေးကွက်ပေါက်ဈေး ကျပ် ၂၉၂၀ နဲ့ ဖြတ်ပြီး လဲပစ်လိုက်တာပါ။ နှစ်ခုပေါင်းရင် တစ်ဒေါ်လာကို ၂၅၀၀ လောက်ပဲရတယ်။ အဲလိုမျိုး ဖြစ်နေတာပေါ့"

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်က ပြည်ပပို့ကုန်တင်ပို့မှုကရတဲ့ နိုင်ငံခြားငွေရဲ့ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေး ကျပ် ၂၁၀၀ နဲ့လဲလှယ်ရပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုတော့ ဈေးကွက်ပေါက်ဈေးအတိုင်း လွှဲပြောင်းရောင်းချနိုင်တယ်လို့ သတ်မှတ်ခဲ့တာပါ။

ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ပို့ကုန်တင်ပို့သူတွေအနေနဲ့ နိုင်ငံခြား ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအစား ငါးဆယ်ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးအတိုင်း လဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ် ထားပေမယ့် နိုဝင်ဘာလ ၁၃ ရက် ပြည်ပဈေးကွက်ပေါက်ဈေးမှာတော့ ကျပ် ၃၂၀၀ နဲ့ ၃၃၀၀ ကြားမှာရှိနေတယ်လို့ ရန်ကုန်အတွင်း ဒေါ်လာရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org