စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးထောက်ခံဖို့ ဥရောပ အမတ်များအဖွဲ့တောင်းဆို

မြန်မာနိုင်ငံမှာ ဖြစ်ပွားကျူးလွန်နေတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ ရာဇဝတ်မှုတွေအပေါ် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို အမေရိကန်ပြည်ထောင်စုက ပါဝင်ထောက်ခံလိုက်ခြင်းဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ရရှိရေးအတွက် အရေးပါတဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောကြားလိုက်ပါတယ်။

မြန်မာတပြည်လုံး အုံကြွခဲ့သော ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလ ၁၉၈၈ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဆန္ဒပြပွဲများတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ ဓာတ်ပုံဖြင့် မန္တ္တလေးမြို့တွင် ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒါဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ရရှိရေးကို လိုလားတဲ့ နိုင်ငံတွေက နိုင်ငံတကာ ဥပဒေရှုထောင့်က သုံးသပ် စဉ်းစားလာတာ ဖြစ်တယ်လို့ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက သုံးသပ်ပါတယ်။

“­မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြစ်မှုကြီးတွေအပေါ်မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးဆိုတဲ့ ကိစ္စဟာ ဒီ နိုင်ငံတကာ ဥပဒေသက်သက် မဟုတ်တော့ပဲနဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ကိစ္စ ဖြစ်လာတယ်။ ဆက်စပ်မှုက ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့ နဝတ၊ နအဖက သူလုပ်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ ဘယ်တရားရုံးမှာမှ တရားစွဲဆိုခြင်း မရှိစေရဆိုတဲ့ ကိစ္စရပ်ဟာ ဒီ အခု နိုင်ငံတကာက အာရုံစူးစိုက်လာတဲ့ ဒီ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ သဘောမျိုး သက်ရောက်တာကြောင့်မို့လို့ ဒီပြဋ္ဌာန်းချက်ကို နိုင်ငံတကာ ဥပဒေရှုထောင့်က ချဉ်းကပ်ခြင်းသည်သာလျှင် ဒီနေ့ မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ဒီ ဥပဒေ စိုးမိုးရေး အခြေခံ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်တယ်၊ လူ့အခွင့်အရေး အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က တင်ပြရခြင်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကို ဝိုင်းဝန်းထောက်ခံ ပံ့ပိုးပေးဖို့ မြန်မာ့အရေးလိုလားတဲ့ ဥရောပပါလီမန် အမတ်များအဖွဲ့က ဒီကနေ့မှာ ဥရောပသမဂ္ဂနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ ဥရောပပါလီမန်အဖွဲ့တွေရဲ့ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာ့အရေးလူပ်ရှားသူ Burma Campaign UK ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဇိုရာဖန်းက RFA ကိုအခုလို ပြောပါတယ်။

“သူတို့က အဓိက တောင်းဆိုနေတာကတော့ အခုလက်ရှိ မြန်မာပြည်အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စစ်ရာဇဝတ်မှု ဖြစ်နိုင်တဲ့အကြောင်း အရေးထားခဲ့တယ်။ ပြီးတော့ တဆက်တည်းမှာပဲ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု လုပ်နိုင်ဖို့အတွက် အီးယူကနေ သူတို့ support လုပ်ဖို့ပေါ့နော်၊ အဲဒါ သူတို့ အဓိက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ချက်တခု ရနိုင်အောင် ဒီဆုံးဖြတ်ချက်က မြန်မာပြည်အတွက် ထိရောက်တဲ့ ဆုံးဖြတ်ချက်၊ ပြီးတော့ ဒီ နအဖ စစ်အာဏာရှင် အပေါ်မှာ crucial ဖြစ်နိုင်မဲ့ အရေးယူမှုပေါ့နော်၊ ဥပမာဆိုရင် ဒီ UN ကမ္ဘာ့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အဲဒါ ဆုံးဖြတ်ချက်အတွင်းထဲမှာ သူတို့ လုပ်ပေးနိုင်ဖို့ပေါ့နော်၊ ဒီအီးယူအစိုးရကနေ တဆင့် ဒီ ပါလီမန် အဖွဲ့အစည်းတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။”

အလားတူပဲ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ စည်းရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံလိုက်တဲ့အပေါ် မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကလည်း ကြိုဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ထောက်ခံမှုအပြင် ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေပါ ပါဝင်လာစေဖို့ အတွက် ယုံကြည် မျှော်လင့်ကြောင်း AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က RFA ကို ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org