မြန်မာအစိုးရသစ်အပေါ် ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ခတ်မှု အနည်းငယ်လျှော့ပေး
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ အပေါ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အားလုံးနီးပါးကို အရင်အတိုင်းပဲ နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်ကြောင်း ဧပြီ ၁၂ ရက် မနေ့က ကြေညာခဲ့ပေမဲ့ မြန်မာအစိုးရသစ်မှာ ပါဝင်တဲ့ အရပ်သား ဝန်ကြီး အချို့ကိုတော့ ဥရောပနိုင်ငံတွင်း ပြည်ဝင်ခွင့် ပေးဖို့ ယာယီ လျှော့ပေါ့ပေး လိုက်ကြောင်း သိရပါတယ်။
-
2011-04-13 -
-
-
မြန်မာနိုင်ငံပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့တဲ့ မူဝါဒတွေ ဆက်ထားသင့်-မသင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ လူဇင်းဘတ်နိုင်ငံမှာ မနေ့က အစည်းအဝေး ကျင်းပပြီး အခုလို ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒီဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် စစ်ဖက်နဲ့ မဆိုင်တဲ့ ဝန်ကြီးဌာနက ဝန်ကြီးတွေ ဒုဝန်ကြီးတွေလည်း ဥရောပနိုင်ငံတွေကို လာမဲ့ တနှစ်အတွင်း ဝင်ထွက်ခွင့် ရမယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် ၂၀ နီးပါးကို ဗီဇာ ပိတ်ပင်ထားတဲ့ ကိစ္စ အခုလို လျှော့ပေးလိုက်တယ် ဆိုပေမဲ့၊ မြန်မာနိုင်ငံပေါ် EU ရဲ့ စီးပွားရေးပိတ်ဆို့မှု သက်တမ်း နောက်ထပ်တနှစ် တိုးလိုက်တာကိုတော့ ကြိုဆိုကြောင်း လန်ဒန်အခြေစိုက် Burma Campaign U.K အဖွဲ့ရဲ့ ဒါရိုက်တာ မစ္စတာ မတ်ခ် ဖာမနာက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာချိန်ကစလို့၊ မြန်မာနိုင်ငံပေါ်ထားတဲ့ EU ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းသင့်တယ်ဆိုပြီး ပြောဆိုသံတွေ ကြားရချိန်မှာ EU အနေနဲ့ မြန်မာနိုင်ငံပေါ် အခုလို နောက်ထပ်တနှစ် သက်တမ်းတိုး ပြစ်ဒဏ်ခတ်လိုက်တာကို ကျွန်တော်တို့ ကျေနပ်မိပါတယ်လို့ မတ်ခ်ဖာမနာက ပြောသွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရသစ်ဟာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားပြီး ဒီမိုကရေစီနိုင်ငံ ဖြစ် ပေါ်လာအောင် ငြိမ်းချမ်းတဲ့နည်းတွေနဲ့ လုပ်ဆောင်သွားဖို့ တာဝန်ရှိကြောင်း၊ အစိုးရသစ်ရဲ့ လုပ်နည်းကိုင်နည်းတွေဟာ အများပါဝင်နိုင်ပြီး ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေအတွက် ဦးတည်ဖို့ လိုတယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့က ခံယူကြောင်း၊ တိုးတက်မှုတွေရှိမှသာ ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းဖို့ စဉ်းစားမှာဖြစ်ကြောင်း EU ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ၊ မြန်မာအစိုးရသစ်ကို ထပ်မံ တောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲလာရေးအတွက် EU ဥရောပသမဂ္ဂအဖွဲ့ဟာ အာဆီယံ အပါအဝင် မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။