EU အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် လာမည်

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ EU ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို ရောက်ရှိမယ်လို့ ဘန်ကောက်အခြေစိုက် သတင်းထောက် လယ်ရီဂျေဂင်က အာအက်ဖ်အေကို ပြောပါတယ်။

ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

ဒီအဖွဲ့ကို ဝါရင့် ဗြိတိသျှ သံတမန်တဦး ဖြစ်တဲ့ ရောဘတ်ကူးပါး က ဦးဆောင်လာမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ EU ကိုယ်စားလှယ် ပိုင်ရို ဖတ်ဆီနို၊ အာရှဒေသဆိုင်ရာ EU ကိုယ်စားလှယ် ဒေးဗစ်လစ်ပမင် တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်ခေါင်းဆောင် မစ္စတာ ရောဘတ်ကူးပါးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သူ မိုက်ကယ်အဲရစ် တို့ရဲ့ မိတ်ဆွေရင်းချာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ တက်လာတဲ့ ၁၉၈၈ ခုနှစ်က စလို့ ၂၃ နှစ်အတွင်း EU ရဲ့ အဆင့်အမြင့်ဆုံး အဖွဲ့ မြန်မာပြည်ကို လာရောက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆာင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

EU ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း မွေးနေ့ပွဲကို ပထမဆုံးအကြိမ် ကျင်းပ နိုင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် ဟာလည်း ပြည်ဝင်ခွင့်ဗီဇာ ရရှိတဲ့အတွက် မွေးနေ့ပွဲအမီ မြန်မာပြည်ကို ထွက်ခွာလာနေပြီလို့ သိရပါတယ်။ အခုခရီးစဉ်ဟာ မိခင်ဖြစ်သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ၇ လအတွင်း မြန်မာပြည်ကို တတိယအကြိမ်မြောက် လာရောက်တဲ့ခရီး ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် လာရောက်မယ့် ကိစ္စနဲ့ EU ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံမယ့် ကိစ္စကို အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org