ကုလစုံစမ်းရေးကော်မရှင် ဖြစ်ပေါ်ရေး ဥရောပရောက် မြန်မာများအဖွဲ့ ထောက်ခံ
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားထု တရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ ဖွဲ့စည်း စစ်ဆေးနိုင်ရေးကို Forum of Burmese in Europe ခေါ် ဥရောပရောက် မြန်မာများအဖွဲ့က ထောက်ခံလိုက်ပါတယ်။
-
2011-08-15 -
-
-
လန်ဒန်မှာ ကျင်းပခဲ့တဲ့ Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ ၂၀၀၉ ခုနှစ် ညီလာခံ။
BDC
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နဲ့၃၀ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ FBE အဖွဲ့က ဆွေးနွေးပွဲ ပြုလုပ်ပြီး ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်အဖွဲ့စေလွှတ်ရေး ကိစ္စ အပေါ် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အကြောင်း ဆွေးနွေးပွဲမှာ တက်ရောက်တဲ့ ဂျာမနီနိုင်ငံက ကိုယ်စားလှယ် ဦးနွယ်အောင်က ပြောပါတယ်။
"မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ လက်ထက်က စပြီးတော့ ယနေ့တိုင်လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတာတွေ လူသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စတွေ ရှိနေခဲ့တဲ့ အတွက် ကုလသမဂ္ဂ ကနေ စုံစမ်းရေး ကော်မရှင်လွှတ်ဖို့လိုနေတယ် ဆိုတာကို ကျနော်တို့သေသေချာချာ ဆွေးနွေးခဲ့တယ်။ ဒီဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး အခု စက်တင်ဘာလမှာ လုပ်မဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို COI လို့ခေါ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်လွှတ်ဖို့ ဥရောပ သမဂ္ဂအနေနဲ့ resolution ထဲမှာ ထဲ့ဖို့ ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။"
အဲဒီကြေငြာချက်မှာ မြန်မာနိုင်ငံမှာ လူသားများ အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ COI ခေါ် စုံစမ်းရေး ကော်မရှင်အဖွဲ့ စေလွှတ်ရေးကိစ္စကို လာမဲ့ စက်တင်ဘာလ အတွင်း ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ထည့်သွင်း မူကြမ်း ရေးဆွဲဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေကို FBE အဖွဲ့က တောင်းဆိုကြောင်း ၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ကလည်း ကုလသမဂ္ဂရဲ့ မူဝါဒ အခန်း ကဏ္ဍ ၆ အရ R2P ခေါ် လူသားချင်း စာနာမှုအရ ကာကွယ် စောင့်ရှောက်ပိုင်ခွင့် အတွက် စုံစမ်း စစ်ဆေးရေး အချက်အလက် စုဆောင်း ရှာဖွေရေး စတဲ့ လုပ်ပိုင်ခွင့်တွေ ရှိတယ်လို့ ထောက်ပြ ပြောဆိုခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ မတရားမှုတွေကို ဖေါ်ထုတ်ရေး အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ စုံစမ်းရေး ကော်မရှင်လွှတ်ရေး ဆုံးဖြတ်ချဖို့ မူဝါဒပိုင်းရော လက်တွေ့ပိုင်းမှာပါ ဥရောပ သမဂ္ဂ အနေနဲ့ ဦးဆောင် ပါဝင် သင့်ပါတယ်လို့ ဦးနွယ်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာတွေ အမြန်ဆုံး ရပ်တန့်ပြီး ပြည်သူလူထု အတွက် တရား မျှတမှုရဖို့ ကုလသမဂ္ဂ အနေနဲ့ အပြော မဟုတ်ပဲ တကယ် လက်တွေ့လုပ်ဆောင်ချက်တွေ ထွက်ပေါ်လာမှာသာ ကုလသမဂ္ဂ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းနိုင်မယ်လို့ယုံကြည်ပါကြောင်း အဲဒီ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။