မြစ်ဆုံစီမံကိန်းကိစ္စ လူထုအသံနားထောင်ဖို့ လိုကြောင်း အီးယူသံအမတ်ကြီးပြော

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လူထုရဲ့အသံကိုနားထောင်ဖို့ လိုအပ်ကြောင်း၊ ဒီစီမံကိန်းက ရလာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကို အထူးအလေးအနက်ထား စဉ်းစားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ခရစ္စရှန်- ရှမစ်က ဒီနေ့ ပြောလိုက်ပါတယ်။

၂ဝ၁၉ ဇွန်လ ၂ဝ ရက်နေ့က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပသည့် "EU in Myanmar, EU in the World" ဟောပြောဆွေးနွေးပွဲအပြီးတွင် တွေ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် ခရစ္စရှန်-ရှမစ်။ Photo: Elizabeth/RFA

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လူထုရဲ့အသံကိုနားထောင်ဖို့ လိုအပ်ကြောင်း၊ ဒီစီမံကိန်းက ရလာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကို အထူးအလေးအနက်ထား စဉ်းစားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အီးယူသံအမတ်ကြီး ခရစ္စရှန်- ရှမစ်က ဒီနေ့ ပြောလိုက်ပါတယ်။

မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တဲ့ EU in Myanmar , EU in the World ဆွေးနွေးပွဲ အပြီးမှာ တရုတ်အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ သံအမတ်ကြီးက သူတစ်ဦးတည်းရဲ့အမြင်ကို ပြောခဲ့တာပါ။

မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တဲ့ EU in Myanmar ,  EU in the World ဆွေးနွေးပွဲ အပြီးမှာ တရုတ်အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ သံအမတ်ကြီးက သူတစ်ဦးတည်းရဲ့အမြင်ကို ပြောခဲ့တာပါ။

"ကျနော်ဘယ်လိုမြင်သလိုဆိုတာက မြန်မာပြည်သူတွေ ဘယ်လိုမြင်သလဲဆိုတာလောက် အရေးမကြီးလှပါဘူး။ ဒီစီမံကိန်းဟာ သန်းနဲ့ချီပြီးရှိတဲ့ လူတွေရဲ့ ဘဝတွေအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိတဲ့ စီမံကိန်းတစ်ခု လည်းဖြစ်ပါတယ်။ ဒီစီမံကိန်းမျိုးဟာ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လိုပါတယ်။ ကချင်ပြည်နယ်အတွက် ဆိုရင်တော့ ဒါဟာ ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒီဒေသမှာနေကြသူ ပြည်သူတွေအတွက် ဒါဟာ မြစ်ကြီးသက်သက်သာ မဟုတ်ပါဘူး။ ဒါဟာ ဒီပြည်နယ်နဲ့ ဒီမြစ်ကြီးအနီးတဝိုက်မှာ နေထိုင်ကြသူတွေအတွက် ပြယုဂ်တစ်ခု၊ သွင်ပြင်လက္ခဏာတခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီကိစ္စဟာ စီးပွားရေးသက်သက်အတွက်လည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ ဒီစီမံကိန်းက ရလာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တွေကိုလည်း အထူးအလေးအနက်ထား စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီလိုရှုထောင့်ကပြောမယ် ဆိုရင် ဒီကိစ္စဟာ မတန်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာ စွမ်းအင်တွေ ပိုလိုနေပါတယ်။ အစားပြန်သုံးလုံးရတဲ့ စွမ်းအင်တွေလိုနေပါတယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်တွေ ပြည့်ဖို့ဆိုရင် ဒီစီမံကိန်းလုပ်တာထက် တခြားနည်းလမ်းတွေရှိနေပါတယ်။ ကျနော်သာ မြန်မာအစိုးရဆိုရင် ကျနော် အချိန်ယူစဉ်းစားမှာပါပဲ။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့ RFA က မေးမြန်းရာမှာတော့

"စခန်းနေရာအများအပြားမှာ IDP ၁ သိန်းကျော်ရှိနေပါတယ်။ အခု တပ်မတော်က အားလုံးခြုံတဲ့ အပစ်ခတ် ရပ်စဲရေး ထုတ်ပြန်ထားပါတယ်။ ဒီအချက်ကို ဥရောပသမဂ္ဂ EU အနေနဲ့ အလွန်ကြိုဆိုပါတယ်။ ကျနော်တို့အမြင် အရဆိုရင် ဒီအခွင့်အရေးဟာ အဆုံးအရှုံးမခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ပထမဆုံး အပစ်အခတ် ရပ်စဲထားမှု တိုးမြင့်ဖို့လိုပါတယ်။ အခုဆို ပြီးခဲ့တဲ့တစ်လလောက်အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘူး။ ဒီအခြေအနေဟာ ဒုက္ခသည်စခန်းတွေကနေ ကိုယ့်အိမ်ကိုပြန်ပြီး ဘဝတွေ ပြန်ထူထောင်ရမယ့် အချိန်အခါဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ စစ်ဘေးဒုက္ခသင့်သူတေ့ွ ကိုယ့်ဌာနေကိုပြန်ပြီး ဘဝသစ် ထူထောင်နိုင်ဖို့အတွက် အစီအစဉ်တွေ ချမှတ်ကူညီပေးနေပါတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်တာတွေ၊ IDP စခန်းတွေမှာ ရှင်သန်နေထိုင်နိုင်ဖို့တွေ အကူညီပေးနေပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အိမ်ပြန်ရမယ့်အချိန်ပါ။ ဒါကြောင့် ကျနော်တို့က အိမ်ပြန်ရန် လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။"

သံအမတ်ကြီးဟာ တချို့သော နေရာဒေသတွေမှာ ငြိမ်းချမ်းရေး မရသေးတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ နေရပ်ကိုပြန်နိုင်ဖို့ အလျင်စလို မလုပ်သင့်ဘူးလို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် သေချာကြိုတင်ပြင်ဆင်ပြီး ငြိမ်းချမ်းလုံခြုံပြီဆိုမှ နေရပ်ကိုပြန်သင့်တယ်လို့လည်း သံအမတ်ကြီးက အကြံပြုပြောပါတယ်။

"အိမ်ပြန်ပို့တော့မယ်ဆိုရင် အခြေခံအချက်တွေ နားလည်ဖို့လိုပါတယ်။ အိမ်ပြန်တာဟာ မိမိစိတ်ဆန္ဒအလျောက် သာဖြစ်ရပါတယ်။ လုံခြုံမှုရှိရပါမယ်။ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ရပါမယ်။ တိုက်ပွဲတွေ မကင်းသေးတဲ့ဒေသတွေကို အတင်းပြန်ခိုင်းတာမျိုးကို မဖြစ်စေရပါဘူး။ ဒါကြောင့် တပ်မတော်နဲ့ KIA ကို ဆွေးနွေးပြီး တိုင်ပင်ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ ဒီဒေသတွေဟာ လုံခြုံတယ်၊ ဒီနေရာတွေမှာ စစ်ဆင်ရေးတွေ မရှိတော့ဘူး။ ဒါမှသာ မိသားစုတွေ ပြန်ဖို့စဉ်းစားရမှာဖြစ်ပါတယ်။ နောက်တချက်က သတင်းပြန်ကြားပေးဖို့ပါ။ ဘယ်အခြေအနေမှာ သူတို့ပြန်ကြတာလဲဆိုတာ ပြည်သူတွေအနေနဲ့ သိဖို့လိုပါတယ်။

နန်ဆန်ယန်ဒေသအတွက်ဆိုရင် ဒီထက်မက ပြင်ဆင်ဖို့လိုပါသေးတယ်။ နှစ်ဖက်စလုံးမှာ တပ်တွေရှိနေသေးတယ်။ မိုင်းရှင်းလင်းရေးတွေလည်း မပြီးသေးပါဘူး။ ဒီလိုအခြေအနေမှာ ပြန်ရတယ်ဆိုရင်လည်း သူတို့ မြေယာဆုံးရှုံးမှာ စိုးလို့ ပြန်တာပဲဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ပြန်ခိုင်းတာထက်စာရင် နှစ်ဖက်အတူပူးပေါင်းပြီး သင်ခန်းစာယူဖို့ လိုတယ်လို့ပဲပြောချင်ပါတယ်။

EU အနေနဲ့ နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွား ဖို့ တိုက်တွန်းချင်တယ်လို့လည်း အီးယူသံအမတ်ကြီးက ပြောဆိုသွားပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org