အပစ်အခတ်ရပ်စဲရေးကိစ္စ NCCT ခေါင်းဆောင်များ ညှိနှိုင်း

လာမယ့် မေလဆန်းမှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ဆွေးနွေးပွဲအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြေလည်မှု မရရှိသေးတဲ့ အဓိကအချက် ၃ ချက်ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အစည်းအဝေး ကျင်းပကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကျင်းပစဉ် photo: Aung Moe Myint/RFA

လာမယ့် မေလဆန်းမှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ဆွေးနွေးပွဲ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ပြေလည်မှုမရရှိသေးတဲ့ အဓိကအချက် ၃ ချက်ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေး ကျင်းပကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ မှာ နှစ်ဖက်သဘောတူညီမှု မရရှိသေး သလို အောက်ခြေမှာ မဖြေရှင်းနိုင်တဲ့ကိစ္စတွေ ကို နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံရေးကောင်စီကိုတင်ပြပြီးမှ ဆုံးဖြတ်ပေးမယ့်ကိစ္စ၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးပြီးရင် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့တွေ လက်နက်အပ်နှင်းရမယ့်ကိစ္စနဲ့ ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကို နိုင်ငံရေးဆွေးနွေးပွဲမှာမှ ထည့်သွင်းဆွေးနွေးသွားဖို့ကိစ္စတွေကို အဓိကဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောပါတယ်။

"အခု ဒါတွေလည်း ကျနော်တို့ ဆွေးနွေးမှာပါ၊ အဓိကပေါ့လေ အခုကျနော်တို့ အပေးအယူ ညှိနှိုင်းနေတဲ့ အနေအထားက တကယ်တမ်း ဆန်းစစ်ကြည့်ရင်တော့ တိုးတက်မှုက ဘယ်လောက်မှ မရှိဘူးဗျ၊။ သူတို့ရဲ့ရပ်တည်မှုနဲ့ ကျနော်တို့ရဲ့ ရပ်တည်မှုက တော်တော်လေးကို ကွာခြားနေပါသေးတယ်။ အဲ့ဒါကို တဘက်က ကျနော်တို့ကတော့ တကယ့် ကိုယ့်အခြေအနေမှန်ကို ကိုယ်နားလည်ပြီးတော့ပေါ့လေ၊ ဒီ ရှေ့လုပ်ငန်းစဉ်မှာ ဘယ်လိုတွေလုပ်ဆောင်သွားဖို့လိုမလဲ ဆိုတဲ့ဟာမျိုး ကျနော်တို့ကတော့ နည်းလမ်းရှာရမှာပဲ။ ကျနော်တို့ကလည်း ဒီမဖြစ်နိုင်တဲ့ အနေအထားအရပေါ့ဗျာ၊ တဘက်စောင်းနင်းကြီးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ရမယ်ဆိုတဲ့ဟာကိုတော့ ကျနော်တို့ လက်မခံနိုင်ဘူးဗျ"

နှစ်ရက်ကြာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ တိုးတက်မှု အခြေအနေတွေ၊ အခက်အခဲတွေ ဘယ်လောက်ရှိနေသေးတယ်ဆိုတာတွေ၊ နားလည်မှု ဘယ်လောက်ရနိုင်မလဲဆိုတာတွေအပြင် မတ်လ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ နှစ်ဖက်ဆွေးနွေးပွဲအပြီး ကချင်ပြည်နယ်ကို ထိုးစစ်ဆင်ခဲ့တာဟာ ဒီဆွေးနွေးပွဲတွေနဲ့ ဆက်စပ်နေတဲ့အတွက် ရှေ့ဆက်ဆွေးနွေးသွားရမှာတွေကို ပြန်လည်သုံးသပ်ကြပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေအပေါ် ရှေ့လုပ်ငန်း စဉ်တွေကို ချမှတ်သွားကြမယ်လို့လည်း ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

ဒါ့အပြင် တကယ့်နိုင်ငံရေးဆွေးနွေးပွဲမှာ လွတ်လွတ်လပ်လပ်နဲ့ တန်းတူညီမျှဖြစ်ဖို့လိုအပ်ပြီး တဖက်သက်ဖြစ်တဲ့ အစိုးရလက်အောက်မှာဝင်ပြီး နိုင်ငံရေးအရ လက်နက်ချရတဲ့ပုံစံ၊ စစ်ရေးအရ လက်နက်အပ်ရမည့်ပုံစံတွေကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လက်ခံနိုင်စရာမရှိတဲ့အတွက် လက်ရှိအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး အခြေအနေဟာ မကောင်းသေးတဲ့ဘက်က ပိုများနေပြီး တိုးတက်အောင်လုပ်ဖို့ အများကြီးလိုအပ်နေသေးတယ်လို့ နိုင်ဟံသာက ဆက်ပြောပါတယ်။

"ကျနော်တို့ဘက်က ကျနော်တို့ နိုင်ငံရဲ့ ပြသနာကို ပြေလည်စေချင်တယ်၊ တိုးတက်စေချင်တယ်။ အေးချမ်းစေချင်တယ်၊ တကယ့် တိုးတက်အေးချမ်းနိုင်ဖို့ဆိုတဲ့နေရာမှာ ဒီ တွေ့ဆုံဆွေးနွေးပွဲကတော့ ဖြတ်ဖို့လိုတယ်၊ ဒီတွေ့ဆုံဆွေးနွေးပွဲကို ရောက်ဖို့ဆိုတဲ့ဟာမှာလည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကလည်းလိုတယ်။ အဲ့တော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေ အစပေါ့ဗျာ၊ နိုင်ငံရေး ဆွေးနွေးတဲ့ကာလအထိမှာ တကယ့်တန်းတူညီတူ သဘောထားပြီးတော့မှ ဒါဆွေးနွေးသွားဖို့လိုတယ်၊ တဘက်စောင်းနင်း အနေအထားမျိုးနဲ့ကတော့ အလုပ်မဖြစ်နိုင်ဘူးလို့ ကျနော်မြင်တယ်၊ ဒါကြောင့် ဒီ သဘာဝမကျတဲ့ တဘက်စောင်းနင်း အပေါ်စီးယူမှုတွေကိုတော့ ကျနော်တို့ကတော့ လူထုအင်အားနဲ့ရော နိုင်ငံတကာအင်အားနဲ့ရော ကျနော်တို့ရဲ့ ရပ်တည်မှုအနေအထားနဲ့ပါ ကျနော်တို့က ပြပြီးတော့မှ ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားရမှာပေါ့ဗျာ"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချူပ်နဲ့ ပတ်သက်ပြီး တစ်နုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဆုံးဖြတ်လို့ မရခဲ့ဘူးဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေကို သီးသန့်အစည်းအဝေးခေါ်ယူပြီး အဆုံးအဖြတ်ပေးကြဖို့ ဒီအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org