တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံ

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် အပစ်အခတ်ရပ် တိုင်းရင်းသားအဖွဲ့များ နေပြည်တော်ရှိ မြတော်ဝင် ဟိုတယ်တွင် ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၃ရက်နေ့က တွေ့ဆုံစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (UN Photo/Mark Garten)

ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့က စလို့ ဆွေးနွေးနေကြတဲ့ အဖွဲ့တွေကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N နဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲမထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး၊ CNF ချင်း အမျိုးသားတပ်ဦးနဲ့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအဖွဲ့တွေ အခုလို တွေ့ဆုံ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်တဦးလည်းဖြစ်၊ ENC တိုင်းရင်းသား လူမျိုးများကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ပဒို စောဒေးဗစ်ထော ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဆွေးနွေးနေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အချိန်စောနေသေးကြောင်း အာအက်ဖ်အေ ကို ပြောပါတယ်။

ဒီ အစည်းအဝေးမှာ KNPP အဖွဲ့က ဥက္ကဌ ခူးထဲဘူးဖဲ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ KNU အဖွဲ့က ဒုဥက္ကဌ စောဒေဗစ်တာကပေါ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဌ နိုင်ထောမွန်နဲ့ စစ်ဦးစီး အရာရှိတွေ အပါအဝင် အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်သလို အစည်းအဝေးမှာ ဆွေးနွေးနေကြတဲ့ အကြောင်းအရာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် မပြောဆိုပဲ လျှို့ဝှက်ထားပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ဒီ တိုင်းရင်းသားအဖွဲ့တွေဟာ အခုလိုမျိုး တကြိမ် တွေ့ဆုံခဲ့ကြပြီး လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြသလို စစ်မှန်တဲ့ ပြည်တောင်စုတရပ် ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသား လူမျိုးစုတွေအကြား တန်းတူညီမျှမှု အခြေခံတဲ့ အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက် တရပ် လက်မှတ် ရေးထိုးခဲ့ကြသေးတယ်လို့ သိရပါတယ်။

အခုတကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးမှုကတော့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ စစ်အစိုးရက စစ်ရေးအရ ဖိအားပေးမှုတွေ ပိုများလာနေတဲ့အပေါ် ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org