အပစ်ရပ်စာချုပ် လက်မှတ်ရေး ထိုးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဖိတ်ကြားသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
-
2015-10-08 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေတွေအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကို ဖိတ်ကြားသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်း က ပြောပါတယ်။
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်မယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ရဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပွဲကို ပြည်တွင်း က နိုင်ငံရေးခေါင်းဆောင် အစုံအလင် ဖိတ်ကြားသွားဖို့ရှိကြောင်း KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
"ပြည်တွင်းမှာ ဖိတ်ကြားထားတာတွေက အခုလောလောဆယ်ပေါေ့လ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် UNA က ကိုယ်စားလှယ်သုံးဦး၊ NBF က ကိုယ်စားလှယ်သုံးဦး၊ USDP ကတစ်ဦး၊ NLD က ကိုယ်စားလှယ်တစ်ဦး ကျန်တာတွေက အစိုးရဘက်က တင်ပြတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ အထူးသဖြင့် ကရင်အမျိုးသားကိုယ်စားလှယ်၊ ကချင်အမျိုးသားကိုယ်စားလှယ်၊ ရှမ်းအမျိုးသားကိုယ်စားလှယ် အဲ့လိုပေါ့လေရှိတယ်"
ဒါ့အပြင် နိုင်ငံတကာက အသိသက်သေတွေအဖြစ် လက်မှတ်ရေးထိုးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီး ပြည်တွင်းမှာရှိတဲ့ သံရုံးတွေအားလုံး ကို ဖိတ်ကြားသွားမယ်လို့ ပြောပါတယ်။
အောက်တိုဘာလ ၁၅ရက်နေ့ လက်မှတ်ရေးထိုးပွဲမှာ မပါဝင်သေးပေမယ့် အစိုးရက အသိအမှတ်ပြုထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)အဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ (SD) ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
ဒီစာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS/ SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စတဲ့ အဖွဲ့တွေကတော့ လက်မှတ်မထိုးသေးဘူးလို့ ပြောထားပါတယ်။
ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နာဆင်နိုင်ပါတယ်။
ဒီအတောအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် (NCA) ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး RCSS ဥက္ကဌ ဒုတိယဗိုလ်ချူပ်ကြီးယွက်ဆစ်က ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။