မြန်မာ့နိုင်ငံရေးမှာ အားလုံး ပါဝင်သင့်ကြောင်း ကုလကိုယ်စားလှယ် ထပ်မံပြောဆို
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ရွေးကောက်ပွဲ မဝင်သူတွေလည်း ပါဝင်သင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာက မြန်မာစစ်အစိုးရကို ဒီဇင်ဘာ ၂ ရက် ကြာသပတေးနေ့က ထပ်မံ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
-
2010-12-03 -
-
-
မစ္စတာ ဗီဂျေး နမ်ဘီယာဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး မစ္စတာ ဗီဂျေး နမ်ဘီယာက ပြောကြားရာမှာ - မိမိရဲ့ ခရီးစဉ်ဟာ မြန်မာ့ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း နားထောင်ဖို့၊ ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ရွေးကောက်ပွဲ မဝင်သူတွေ၊ မဝင်နိုင်သူတွေပါ ပါဝင်ဖို့၊ ကုလသမဂ္ဂနဲ့ ရေရှည် ဆောင်ရွက်ရေး လုပ်ငန်းတွေ ဆွေးနွေးဖို့ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာစစ်အစိုးရကို ရွေးကောက်ပွဲ အနိုင်ရသူတွေသာမက ရွေးကောက်ပွဲ မဝင်သူတွေကိုပါ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ပါဝင်နိုင်ရေး တွန်းအားပေးဖို့ဖြစ်ပါတယ်၊ ကျနော်ပြောဆိုခဲ့တာကို မြန်မာစစ်အစိုးရ ကောင်းကောင်းကြီး သဘောပေါက်တယ်လို့ ထင်ပါတယ်၊ ရှေ့ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ ကြည့်ရမှာပါလို့ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် ဖာရန် ဟက်က အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာရဲ့ ခရီးစဉ်အကြောင်း ပြောဆိုခဲ့ရာမှာ ရွေးကောက်ပွဲ မဝင်သူတွေကိုပါ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ပါဝင်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အခြေခံဖို့ ပြောဆိုခဲ့ပါတယ်။