သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားဖို့လို

မြို့ပြစီမံကိန်းတွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် အထူးစီးပွားရေးဇုန်တွေကို အကောင်အထည် ဖော်ရာမှာဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ မြို့ပြစိမ်းလန်း စိုပြည်ရေး ထိခိုက်မှုရှိ မရှိ အလေးအနက် တွက်ချက်စဉ်းစားပြီးမှသာ စီမံကိန်းတွေကို အကောင်ထည်ဖော်သင့်ကြောင်း ပညာရှင် ဆွေးနွေးပွဲ တစ်ခုက တောင်းဆို လိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် အစိမ်းရောင်ကွန်ရက် ပညာရှင်များ စုပေါင်းဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကိုဂျင်မီဆွေးနွေးနေစဉ်။ Photo courtesy of 88 Generation Students

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ကျင်းပခဲ့တဲ့ အစိမ်းရောင်ကွန်ရက် ပညာရှင်များ စုပေါင်းဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မြေယာရှုခင်း၊ ပန်းကွင်းနဲ့ သစ်သီးဝလံ ပန်းမန်လုပ်ငန်းရှင်တွေက တောင်းဆို လိုက်ကြတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ အနေနဲ့ မြို့ပြစီမံကိန်းတွေကို အကောင်ထည်ဖော်ရာမှာ မြို့ပြစိမ်းလန်းစိုပြည်ရေးအတွက် အလေးနက်ထား စဉ်းစားသင့်ပုံနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။

"မြို့ပြတည်ဆောက်တဲ့နေရာမှာ ပထမဦးဆုံး မြို့ပြစိမ်းလန်းစိုပြေရေးကို ပထမဦးဆုံး ဦးစားပေးရမယ်။ အဲဒီစိမ်းလန်းစိုပြေရေးရဲ့ ဗဟိုချက်ကနေ စဉ်းစားပြီးတော့ လုပ်ကိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုခေတ်ရဲ့ဒဏ်တွေကို ကျွန်တော်တို့ ခံခဲ့ရပြီး ပြီ။ အိုဇုန်းလွှာပေါက်တာလည်း ဒါစက်မှုခေတ်ရဲ့ ဒဏ်တွေပဲ။ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ထိန်းသိမ်းရမယ်"

ဒီအခမ်းနားကို ရန်ကုန်မြို့ မင်းဓမ္မလမ်း မင်းဓမ္မပန်းကွင်း လုပ်ငန်းရှင်များအဖွဲ့က အဓိက စီစဉ်တာဖြစ်ပြီး ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း) တို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်တော်အမတ်တွေ၊ (FREDA) အဖွဲ့က ဦးအုန်း အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ နိုင်ငံအနှံ့က မြေယာရှုခင်းနဲ့ သစ်ပင်ပန်းပင် လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မကြာခင်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မင်းဓမ္မပန်းကွင်း လုပ်ငန်းရှင်တွေကို နေရာရွှေ့ပြောင်းဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org