ရွေးကောက်ပွဲအတွက် အရှိန်မြှင့်ပြင်ဆင်ရမယ်လို့ စစ်ကောင်စီ UEC ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲစာရင်းစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့စဉ်။ Myanmar Military

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အရင်ထက် အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင် ဆောင်ရွက်ထားကြဖို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက သူ့ရဲ့ ကော်မရှင်ဝန်ထမ်းတွေကို ဇူလိုင်လ ၇ ရက်နေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

မြို့နယ်အဆင့်ကနေ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်အဆင့်အထိ ကော်မရှင်ဝန်ထမ်း ခုနစ်ရာကျော် တက်ရောက်တဲ့ မဲစာရင်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ အဲဒီဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

ဒီ့အပြင် တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးနိုင်အတွက် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကတော့ စစ်ကောင်စီက ထွက်ပေါက်အဖြစ် အသုံးချမဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည့်အနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အောင်မြင်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီဟာ တရားမဝင်အာဏာသိမ်းထားတာကြောင့် သူတို့ရဲ့ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းချက်တွေကလည်း တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက RFA ကို ပြောထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လာမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org