NLD ပါတီလှုပ်ရှားမှုအပေါ် ရွေးကောက်ပွဲကော်မရှင် ခေါ်ယူဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်တာတွေ ရှိနေလို့ လာရောက်ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။ Photo courtesy of NLD

ဒီလိုတေ့ွဆုံတာဟာ NLD ပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်ကြား အဖြေ တစုံတရာ ထွက်ဖို့ ညှိနှိုင်းတာမျိုး မဟုတ်ဘဲ ဥပဒေ ဆိုင်ရာ အချက်အလက်တွေပေါ် အမြင်သဘောထားကို အပြန်အလှန် ဆွေးနွေးကြတာသာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက RFA ကို ရှင်းပြပါတယ်။

"တွေ့ရတဲ့အကြောင်းကတော့ ပြည်ထောင်စုကော်မရှင်က ကျွန်တော်တို့ကို ဖိတ်လို့။ ဟိုကျတော့ အကြောင်းအရာကတော့ ပြည်ထောင်စုကော်မရှင် အနေနဲ့ ကျွန်တော်တို့နဲ့ တချို့သော အချက်အလက်တွေ ဥပဒေရေးရာ ကိစ္စတွေမှာ သဘောမတူ သဘောထားကွဲတာတွေ ရှိတယ်။ အဲဒီ ဥပဒေ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမြင်ကို ကျွန်တော်တို့ ပြောတယ်။ ပြည်ထောင်စု ကော်မရှင်ဘက်ကလည်း သူ့အမြင် သူပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလို တွေ့ဆုံပြောဆိုတာဟာ ဆုံးဖြတ်ချက် တခုခု ရဖို့တော့ မဟုတ်ဘူး။ လူချင်းတွေ့ပြီး အမြင်ချင်းပြောကြတာပါ။ အထူးသဖြင့်တော့ ပါတီလှုပ်ရှားမှုတွေမှာ ပြဌာန်းချက်နဲ့ ညီတယ်မညီဘူး ဆိုတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ ပါတီရဲ့ လုပ်ကိုင်နေတဲ့ ကိစ္စတချို့နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုကော်မရှင်က အကြောင်းကြားတဲ့ စာတွေရှိတယ်။ အဲဒီ စာတွေမှာ ကျွန်တော်တို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တာတွေ ပါတယ်။"

NLD ပါတီဟာ အောက်ခြေအဆင့်ကနေ ဗဟိုအဆင့်ထိ ဒီမိုကရေစီနည်းကျ ပါတီတွင်း ရွေးချယ်တင်မြှောက်ပွဲတွေ လုပ်နိုင်ဖို့ ပြီးခဲ့တဲ့မေလကစလို့ ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ပါတီဝင်သစ် လက်ခံစုဆောင်းတာမျိုး ရုံးခန်းသစ်တွေ ဖွင့်ပြီး ပါတီရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်တွေ ဖွဲ့စည်း လုပ်ဆောင်တာမျုးိတွေ ရှိပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အခုလို NLD ပါတီတာဝန်ရှိသူတွေကို ခေါ်ယူဆွေးနွေးတာဟာ NLD ပါတီလှုပ်ရှားမှုတွေနဲ့ သွယ်ဝိုက်ပြီး သက်ဆိုင်နိုင်ကြောင်း NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org