ပညာရေး စနစ် ပြုပြင်ရေး ဆွေးနွေးပွဲ ရန်ကုန်မှာ စတင်ကျင်းပ
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ အေးရှားပလာဇာဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2013-12-06 -
-
-
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ အေးရှား ပလာဇာဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍ ခေါင်းစဉ်နဲ့ကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် အားလုံးသဘောတူတဲ့ ဘုံမူဝါဒကို အရင်ဆုံးချမှတ်ပြီးမှ ပညာရေးဥပဒေနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲသင့်တယ်လို့ RFA ကို အခုလို ပြောပါတယ်။
“ပညာရေးကို အဖွဲ့အစည်း အမျိုးမျိုးပေ့ါ၊ အစိုးရရော၊ လွှတ်တော်ရော၊ NGO တွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ဝိုင်းလုပ်ကြတာကောင်းတယ်၊ အဲဒါတွေပေါင်းစုံဖို့လိုတယ်၊ အားလုံးတွေ့ဆုံပြီးတော့ ကဏ္ဍတစ်ခုချင်းအလိုက် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီးတော့ တူညီတဲ့အပေါ်မှာ ကျနော်တို့မူဝါဒကို ရေးဆွဲရင်ကောင်းမယ်၊ မူဝါဒကိုအခြေခံပြီးတော့မှ ပညာရေးဥပဒေတို့၊ သင်ရိုးညွှန်းတမ်းတို့ နောက်မှလုပ်ရင်ကောင်းမယ်”
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲရာမှာ ပညာရေးစနစ်နဲ့ ဆရာ၊ ဆရာမတွေတင် ပြောင်းလဲရမှာမဟုတ်ပဲ ကျောင်းသားတွေနဲ့ မိဘတွေ ကိုယ်တိုင်လည်း ပြောင်းလဲဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲအနေနဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၈ ရက်နေ့ထိကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဒေါက်တာ သိန်းလွင်တို့က ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တာတွေကို ဆက်လက်ဆွေးနွေး ဟောပြောကြမယ်လို့လည်း သိရပါတယ်။