ပညာရေး ဥပဒေမူကြမ်း ကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
ပြည်ထောင်စုလွှတ်တော်က မကြာ ခင် ဆွေးနွေးအတည်ပြုမယ့် အမျိူးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ်လေ့လာပြီး အကြံပြု ကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
-
2014-07-24 -
-
-
ပြည်ထောင်စုလွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိူးသားပညာရေး ဥပဒေမူကြမ်းကို အသေးစိတ်လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ ရတနာပုံတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ နဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာဖြစ်ပါတယ်။
"အမျိုးသားပညာရေး ဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာတဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီၤဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လိုလူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"
ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေးတာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့လာခဲ့ပါတယ်။
ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ပြည်သူ့ လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး ဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။
"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော်ကို ပြင်ဆင်ချက်တွေ နဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက်သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်ကကွဲလွဲချက်ကို ကျနော်တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"
အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ၊ ကျောင်းသားတွေ တောင်း ဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ပတ်သက်တဲ့ ပြဌာန်းချက်က အငြင်းပွားဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့တိကျတဲ့ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲ သင့်တယ်လို့ NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ထောက်ပြဝေဖန်ထားပါတယ်။