လီဆူနဲ့ ရှမ်းတွေကို KIA က ဖမ်းဆီး သတ်ဖြတ်နေကြောင်း ဒူးလေးပါတီပြော

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လီဆူတိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ၂၀၁၉၊ ဧပြီ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် Photo: Citizen Journalist

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လီဆူတိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိနေကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘန်ကောက်ကျေးရွာမှာ ရိက္ခာဆန်ပိုရောင်းနေတဲ့ လီဆူတိုင်းရင်းသား ဦးဂွါတီးအပါအဝင် လေးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေက မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ကြောင်း ဒူးလေးပါတီက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေထဲက သုံးဦးကို မတ်လ ၁၇ ရက်နေ့မှာ KIA အဖွဲ့က သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာ ကြားနေရတာကြောင်းနဲ့ ဖမ်းဆီးခံရသူတွေ အသက်ရှင်လျက်ရှိတယ်ဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒူူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ အဲဒီ လေးဦးကို KIA က ဖမ်းဆီးခဲ့တာမရှိကြောင်း RFA ကို ဧပြီလ ၄ ရက်နေ့က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒူးလေးပါတီရဲ့ သဘောထားကြေညာချက်တစ်ခုကိုလည်း ဒီနေ့ထုတ်ပြန်ရာမှာ KIA အဖွဲ့က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေမခံရအောင် လီဆူတိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

KIA အနေနဲ့ မတရားညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ၊ မုဒိန်းကျင့်သတ်ဖြတ်တာတွေနဲ့ အဓမ္မ ဆပ်ကြေးကောက်ခံတာတွေ မလုပ်ဖို့ကို လီဆူတိုင်းရင်းသားတွေ စုပေါင်းပြီး ၂၀၁၇ ခုနှစ် မေလက မြစ်ကြီးနားမြို့မှာ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org