ဒရုန်းဗုံးကြောင့် ဗန်းမောက်ဒေသခံ တစ်ဦး သေဆုံး ကိုးဦးဒဏ်ရာရ

ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် တစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ Facebook/ ကြယ်တံခွန် လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ပင်လောင်းဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် နေအိမ်တွေက ခေတ္တရှောင်တိမ်းဖို့ ပြင်ဆင်နေကြချိန် ဗန်းမောက်ရွာအလယ်ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးတွေ ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးပြီး နောက်ထပ် ကိုးဦး ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပင်လောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒဏ်ရာရတဲ့ ကိုးဦးထဲမှာတော့ ကလေး နှစ်ဦး ပါတယ်။ ဆေးကုသမှုပေးနေပါတယ်။ သုံးဦးကတော့ ဒဏ်ရာနည်းနည်းပြင်းတော့ စောင့်ကြည့်နေရတာပေါ့။ စစ်ရှောင်ရင်လည်း အပစ်ခံရတယ်။ အိမ်မှာနေလည်း အပစ်ခံရတယ်။ ကျွန်တော်တို့ဘဝလည်း မလွယ်ပါဘူး"

လက်ရှိမှာ တိုက်ပွဲတွေကြောင့်လည်း နောင်ဝိုး၊ လွယ်ကျိုင်း၊ ဗန်းမောက်နဲ့ ပင်စုံ စတဲ့ ရွာပေါင်း ခုနစ်ရွာထက်မနည်းက ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။

တောင်ယာရိတ်သိမ်းချိန်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး ခက်ခဲနေပြီး ငွေကြေးအဆင်မပြေတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းခန့် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org