ရိုဟင်ဂျာကျေးရွာတွေကို ဘူဒိုဇာတွေနဲ့ ရှင်းနေတယ်လို့ HRW ပြော
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာ ၅၅ ရွာလောက်ကို ဘူဒိုဇာတွေနဲ့ မြန်မာအစိုးရက ရှင်းလင်းထား တယ်လို့ ဂြိုဟ်တုက ရိုက်ယူရရှိတဲ့ ဓါတ်ပုံအထောက်အထားတွေနဲ့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
-
2018-02-23 -
-
-
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာ ၅၅ ရွာလောက်ကို ဘူဒိုဇာတွေနဲ့ မြန်မာအစိုးရက ရှင်းလင်း ထားတယ်လို့ ဂြိုဟ်တုက ရိုက်ယူရရှိတဲ့ ဓါတ်ပုံအထောက်အထားတွေနဲ့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပါတယ်။
"မဟုတ်ဘူး၊ ဟုတ်တယ် ပြောဖို့ထက်စာရင် ဘူဒိုဇာတို့ ဘာတို့တော့ မသိဘူး၊ ဒါပေမဲ့ အဲဒီဘက်တွေ မှာတော့ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းတွေကို ပြောပြမယ်၊ အဲဒါနဲ့ဆက်စပ်နိုင်တာပေါ့၊ ပြန်လည် ပြီးတော့ နေရာချထားဖို့ဆိုတာ ကျနော်တို့က လုပ်ရတယ်၊ Village Plan ပေါ့ (ကျေးရွာတွေ ပြန်ဆောက် တဲ့အစီအစဉ်)၊ အစီအစဉ် လုပ်တဲ့အခါကျတော့ မီးလောင်ပြင်တွေဖြစ်သွားတယ်၊ မီးလောင် တာ တော်တော်များသွားတဲ့နေရာကျရင် ထိုးထိုးထောင်ထောင် အစအနတွေကျန်ခဲ့တာရှိတယ်၊ အဲတော့ Village Plan ပြန်လုပ်တယ်ဆိုတော့ လမ်းတွေက ပုံစံနည်းနည်းပြောင်းမယ်၊ လမ်းတွေ ပုံစံပြောင်းတယ် ဆိုတဲ့အခါ ပိုကျယ်သွားတယ်ပေါ့၊ နောက်ပြီး လမ်းမီးတိုင်တွေစိုက်ဖို့လိုတယ်၊ အရင်တုန်းက မီးမရှိတဲ့နေ ရာတွေ မီးရှိအောင်လုပ်မယ်၊ Village Plan လုပ်ဖို့အတွက်ကို ရှင်းတာ ဖြစ်မှာပေါ့၊ အဲဒါက ရှင်းရ ပါတယ်။"
လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ရိုက်ကူးထားတဲ့ ကောင်းကင်ဓါတ်ပုံတွေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ရက်အတွင်း ရိုက်ကူးထားတဲ့ပုံတွေ နှိုင်းယှဉ်ပြ ထားတာဖြစ်ပါတယ်။ တချို့ကျေးရွာတွေမှာ လူနေထိုင်မှု ရှိ၊ မရှိကိုတော့ HRW အဖွဲ့အနေနဲ့ အတည်ပြုချက် မပေးနိုင်ဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
ကျေးရွာတွေကို အဲလိုဘူဒိုဇာတွေနဲ့ ထိုးတာဟာ ကုလသမဂ္ဂရဲ့ အချက်အလက် အထောက်အထားရှာဖွေရေးအဖွဲ့ Fact Finding Mission ကွင်းဆင်းလေ့လာမှုတွေ မလုပ်ခင် အထောက်အထားတွေ ပျောက်အောင်လုပ်တာဖြစ် တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။