ဒေါက်တာတူးဂျာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ကျပြီ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာတူးဂျားဟာ အခုအခါ မှတ်ပုံတင် ကျပြီဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်ခွင့်မရခဲ့ဘဲ ဒီတစ်ကြိမ်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် ချပေးလိုက်တာကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတော့မယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

“မှတ်ပုံတင်ကျပြီလို့ သိရတာက ၁၃ ရက်နေ့ညက ကြားသိရတာပါ။ ကော်မရှင်ကနေ အကြောင်းကြားတာပါ။ ဒီဘက်မှာလည်း မြို့နယ်မှာလည်း တရားဝင်ကပ်မှာပါ။ အစိုးရအသစ်အနေနဲ့ ကျွန်တော့်ကို ခွင့်ပေးတာပေါ့။ ဒီလို ခွင့်ပေးတဲ့အတွက်ကြောင့် ကျွန်တော်လည်း ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်။ အဲဒါကြောင့် ကျွန်တော်က ဆထက်ထမ်းပိုး ပြည်သူတွေအတွက် အကျိုးကို ကြိုးစား ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”

ဒေါက်တာတူးဂျာက ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဦးစားပေး လုပ်သွားမယ်လို့ ပြောပါတယ်။ မိုးကောင်းမြို့နယ်ကနေ ယှဉ်ပြိုင်ကြမယ့် တခြားပါတီတွေကတော့ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အန်ဒီအက်ဖ်ပါတီ၊ ကျားဖြူပါတီတို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org