ဒေါက်တာ တင်မာအောင် ရာထူးက အနားယူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ၊ NLD ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး တာဝန်က အနားယူမှာဖြစ်ပါတယ်။
-
2016-01-31 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ၊ NLD ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး တာဝန်က အနားယူမှာဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာ အလုပ်တွေရှိတာကြောင့် အနားယူတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
" ဒေါက်တာ တင်မာအောင်က ရွေးကောက်ပွဲမတိုင်ခင်တည်းက သူ့မှာလည်းအခြားလုပ်စရာတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲအထိပဲ တာဝန်ထမ်းနိုင်မယ်ဆိုတာ ပြောထားပြီးသားပါဗျ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့အဖေနာမည်နဲ့ ထူထောင်ထားတဲ့ဖောင်ဒေးရှင်းမှာလည်း လုပ်စရာ၊ ကိုင်စရာတွေရှိသေးတယ်လေ၊ အဲ့တွက်သူကြိုပြောထားပြီးသားဖြစ်တဲ့အတွက် အခုဒုတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဦးမိုးဇော်ဦးကို တာဝန်လွှဲပေးလိုက်တာပါ"
လစ်လပ်သွားတဲ့ NLD ပါတီ ဥက္ကဋ္ဌရုံးတာဝန်ခံ နေရာမှာ ဦးမိုးဇော်ဦးကို အစားထိုး ခန့်အပ်လိုက်ကြောင်း ဦးဖြိုးဇေယျာသော် က ပြောပါတယ်။
ဦးမိုးဇော်ဦးဟာ ဒေါက်တာတင်မာအောင်နဲ့ အတူ အရင်ကတည်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေသူလို့ သိရပါတယ်။
NLD ပါတီ ဥက္ကဋ္ဌရုံးဟာ နိုင်ငံတကာက သံတမန်အရာရှိတွေနဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။