ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ အဂတိမှု အယူခံ ပယ်ချခံရ
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့ရဲ့ အဂတိငါးမှုအတွက် အယူခံတင်ပြထားမှုကို ပယ်ချလိုက်တယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-03-16 -
-
-
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့ကို ထောင်ဒဏ်တွေချမှတ်ထားတဲ့ အဂတိအမှု ငါးမှုအတွက် အယူခံ တင်ပြထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မတ်လ ၁၆ ရက်မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်က မြို့နယ်တချို့မှာ အထူးမြေကွက်တွေ ဖော်ထုတ်တာ၊ မြေကွက်တချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရောင်းချတာစတဲ့ ကိစ္စရပ်တွေနဲ့ စွပ်စွဲပြီး ဒေါက်တာ မျိုးအောင်ကို စစ်ကောင်စီက အဂတိအမှု ငါးမှုနဲ့ တရားစွဲခဲ့တာပါ။
အဲဒီ အဂတိအမှု ငါးမှုထဲက နှစ်မှုမှာ ဦးရဲမင်းဦးက ပူးတွဲ စွဲဆိုခံရတာ ဖြစ်ပါတယ်။
အမှု ငါးမှုအတွက် တစ်မှုကို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပေမယ့် တစ်ပေါင်းတည်း ကျခံစေတာကြောင့် သူတို့နှစ်ဦးကို ထောင်သုံးနှစ်စီ ချမှတ်ထားပြီး အဲဒီအမိန့်ကို ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ရဲ့ ရှေ့နေတွေက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတက်ခဲ့တာပါ။
ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အယူခံအခွင့်အရေးကိုတောင် မရတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ အထူးအယူခံ ဆက်တက်ဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံသူတွေဖြစ်ပြီး စစ်ကောင်စီဘက် က စွပ်စွဲတဲ့ အမှုမျိုးစုံနဲ့ တစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ ကျော်စီ ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။
ဒေါက်တာ မျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တစ်ဦး ဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးရဲမင်းဦးကတော့ NLD အစိုးရလက်ထက်မှာ နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရတာ လက်ရှိအချိန်ထိ ၇ဝ နီးပါးအထိ ရှိနေပါတယ်။