ဒေါက်တာခက်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ

ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာ ခက်အောင်နဲ့ ပြည်နယ်ဝန်ကြီး ခြောက်ဦးတို့ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကောင်စီကနေ ထောင်ဒဏ်တွေ အသီးသီး အမိန့်ချတာခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာ ခက်အောင်အား တွေ့ရစဉ်

ကချင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာ ခက်အောင်နဲ့ ပြည်နယ်ဝန်ကြီး ခြောက်ဦးတို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကောင်စီကနေ ထောင်ဒဏ်တွေ အသီးသီး အမိန့်ချတာခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက် မနေ့က မြစ်ကြီးနားမြို့ ကချင်ပြည်နယ် တရားလွှတ်တော်ရုံးကနေ သူတို့ ကို ထောင်ဒဏ်တွေ အသီးသီး အမိန့်ချမှတ်လိုက်တာလို့ မိသားစုဝင်တစ်ဦး က RFA ကို ပြောပါတယ်။

“ဝန်ကြီးချုပ်ကို အဂတိတစ်မှုမှာ ၃ နှစ်နဲ့ ၄ မှုအတွက် ၁၂ နှစ် အမိန့်ချလိုက်တာ ဟုတ်တယ်။ အရင်က တစ်နှစ် ချခံထားရတယ်။ အားလုံး ၁၃ နှစ်ပေါ့။ လောလော ဆယ်တော့ အမှုကျန်တာ မရှိတော့ဘူး။ သူတို့ ပြန်ထပ်စွဲရင်တော့ မသိဘူးပေါ့”

ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းကို ထောင်ဒဏ် ၉ နှစ် အမိန့်ချ လိုက်ပြီး လူမှုရေး ဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှိလဆိုင်း၊ စည်ပင်ဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် တို့က ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့ရတာလို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို ဗန်းမော် - မြစ်ကြီးနား လမ်းပြုလုပ်ချိန် နိုင်ငံတော်ရဲ့ ငွေကြေးပစ္စည်းနစ်နာဆုံးရှုံးမှု၊ ၂၀၂၀ က ဖမ်းမိတဲ့ သလင်းကျောက်တွေကို လေလံရောင်း ချိန်က ပေါက်စျေးထက် လျှော့ပြီးရောင်းချမှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် ဧည့်ဂေဟာ ဆောက်လုပ်ရာမှာ စည်း မျဉ်းစည်းကမ်းနဲ့မကိုက်ညီဘဲ ငွေသုံးစွဲမှုနဲ့ မြစ်ကြီး နားမြို့ပေါ်က လမ်းတွေလုပ်ရာမှာ တင်ဒါခေါ်ယူတာ မရှိဘဲ လုပ်ကိုင်ခဲ့တာ စတာတွေ နဲ့စွပ်စွဲပြီး အမှုဖွင့်ခဲ့တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက် မှာ ရေးသားထားကို တွေ့ရပါတယ်။ ​

ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးတွေဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပုဒ်မ ၂၅၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွေနဲ့ စွပ်စွဲ ကာ သီးခြားစီ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတို့ဟာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်း ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org