တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်မှူးဒေါက်တာထားထားလင်းကို ထောင်သုံးနှစ်ချ
ဒေါက်တာထားထားလင်းဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ လက်ကျန်ငွေတွေကို ရှင်းလင်းခြင်းမရှိဘဲ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
- 2022-04-20
-
-
-
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ လက်ကျန်ငွေစာရင်းကို မရှင်းဘဲ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်ကြားရေးမှူးဒေါက်တာထားထားလင်းကို စစ်ကောင်စီက အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ပါတယ်။
ဒေါက်တာထားထားလင်းဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ လက်ကျန်ငွေတွေကို ရှင်းလင်းခြင်းမရှိဘဲ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေါက်တာထားထားလင်းဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံးစေခဲ့ တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူတာလို့ စစ်ကောင်စီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ကြေညာစာမှာ ဖော်ပြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ တာဝန်ရှိသူတွေကို စစ်ကောင်စီရဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တယ်လို့ ဧပြီလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေါက်တာထားထားလင်းရဲ့ ဆောင်ရွက်မှုတွေကို စစ်ဆေးဖို့ ပျက်ကွက်တယ်ဆိုပြီး ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုပါတယ်။
ဒေါက်တာထားထားလင်းကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ဟာ ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ သူ့ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၀ လကြာမှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။