ဦးဝင်းတင်ဖောင်ဒေးရှင်းကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေး သိန်း ၁၀၀ လှူ

ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်း လက်အောက်က စေတနာ ဆေးကုခန်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် “နိုင်ငံကြီးသား” ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ငွေကျပ်သိန်း ၁၀၀ ကို ဒီနေ့လှူဒါန်းလိုက်ပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်းကို အလှူငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းစဉ် Photo: Hanthawady U Win Tin Foundation - facebook

ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်း လက်အောက်က စေတနာဆေးကုခန်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် “နိုင်ငံကြီးသား” ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ငွေကျပ်သိန်း ၁၀၀ ကို ဒီနေ့လှူဒါန်းလိုက်ပါတယ်။

နိုင်ငံကြီးသား ရုပ်ရှင်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၇၀ ကျော်မှာ အခုလ ၈ ရက်နေ့က ပြသခဲ့ပြီး ပထမဆုံးပြသတဲ့နေ့က ရရှိခဲ့တဲ့ ဝင်ငွေထဲက ၅၀ ရာခိုင်နှုန်းကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ စေတနာဆေးခန်း တာဝန်ခံ ဦးထွန်းကြည်က ပြောပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားဟာ ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့တဲ့ လူဆိုတာ အမှန်တရားဘက်က ရပ်ရုံ၊ အမှန်တရားကို ထောက်ခံရုံနဲ့မပြီးသေးဘူး။ အမှားကိုလည်း ဖော်ထုတ်ရမယ်။ အမှားလုပ်နေသူတွေကိုလည်း ဆွဲထုတ်ပြရမယ် ဆိုတဲ့ စကားအပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

စေတနာဆေးခန်းဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကုသမှုပေးနေပြီး ဦးဝင်းတင် ကွယ်လွန်ပြီးနောက် အလှူရှင်တွေ နည်းပါးလာတာကြောင့် ဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်နေခဲ့တာပါ။

ဒါကြောင့် ဖောင်ဒေးရှင်းက ရန်ပုံငွေ လိုအပ်နေတဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်အကြီးအကဲတွေထံ ပန်ကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်၊ ဒုတိယ နာယက ဦးအေးသာအောင် အပါအဝင် လွှတ်တော်နဲ့အစိုးရဘက်က လှူဒါန်းခဲ့တာ သိန်း ၉၀ ကျော်ရှိသွားပြီလို့လည်း စေတနာ ဆေးခန်းတာဝန်ခံ ဦးထွန်းကြည်က ပြောပါတယ်။

သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ပြီးနောက် သူတည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းဟာ ရန်ပုံငွေ လိုအပ်ချက်တွေရှိနေကြောင်း RFA ကလည်း ပြီးခဲ့တဲ့ ဧပြီလက သတင်းဆောင်းပါး တင်ဆက်ခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားခဲ့တာ ငါးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org