DMG ဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေ တောင်းဆို

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချလိုက်တဲ့အပေါ် ချက်ချင်းပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် သတင်းဌာန Development Media Group ၏ ရုံးခန်းအား ၂ဝ၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချလိုက်တဲ့အပေါ် ချက်ချင်းပြန်လွှတ်ပေးဖို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက စုပေါင်းတောင်းဆိုလိုက်ပါတယ်။

Development Media Group (DMG)၊ Narinjara၊ Western News၊ Arakan News နဲ့ Border News Agency တို့ စုပေါင်းပြီး ဇွန်လ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာပါ။

DMG ဝန်ထမ်းနှစ်ဦးဟာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် အရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့စည်းတွေထံ မြေပြင်သတင်းအချက်အလက်တွေ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

သတင်းသမားတွေကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်တာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ (DMG) သတင်းထောက် ကိုထက်အောင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မိသားစုဝင်တွေအနေနဲ့က အတော်လေး စိတ်မကောင်းဖြစ်တယ်။ သူက သတင်သမား သတင်းယူတာကလွဲပြီး ဘာမှလုပ်ထားတာမရှိဘဲ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချလိုက်တာက မတရားဘူးပေါ့။ မိသားစုဝင်အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိပါတယ်”

DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ငါးနှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ထားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထောင်ဘက်ကို ပြောင်းရွှေ့ချိန် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်နေရေးအဖွဲ့ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org