တိုက်ပွဲထပ်မဖြစ်ရေး KNU နဲ့ မွန်ပြည်သစ် ဆွေးနွေး
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ တပ်တွေ ထိပ်တိုက် ထပ်မတွေ့ရေးအတွက် နှစ်ဘက်တပ်ရင်းမှူးတွေနဲ့ မြို့နယ် ဥက္ကဋ္ဌတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ကရင်နယ်စပ်ကို ဒီနေ့သွားရောက်လေ့လာပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။
-
ကျော်လွင်ဦး
2019-10-22 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက ကရင်နဲ့ မွန်ပြည်နယ်အစပ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနဲ့ မရမ်းချောင်းဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က ဗိုလ်အဆင့်ရှိ အရာရှိတစ်ယောက် ကျဆုံးခဲ့ပါ တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က KNU ဂိတ်နံပါတ် ၄ မှာထားရှိတဲ့ အလံတိုင်ကို လာနုတ်ခဲ့တာကြောင့် အခုလိုဖြစ်တာလို့ KNU ဘက်ကပြောဆိုတာတွေရှိပြီး မွန်ပြည်သစ်ပါတီဘက်ကတော့ ငြင်းဆိုထားပြီး KNU က သူတို့နယ်မြေထဲ ဝင်ရောက်ပစ်ခတ်တာလို့ RFA ကို ပြောဆိုထားပါတယ်။
ဒါကြောင့် တပ်တွေတိုက်ပွဲမဖြစ်အောင် နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေ တွေဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ ကြပါတယ်။
ဒီနေ့မှာ နှစ်ဘက်တပ်တွေ ထပ်ပြီးထိတွေတာတွေမဖြစ်အောင် မြို့နယ်အဆင့်တာဝန်ရှိသူတွေ တိုက်ပွဲဖြစ်ခဲ့ တဲ့နေရာတွေကို သွားရောက်ပြီး တပ်နေရာချထားရေးတွေလုပ်ဖို့ရှိတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
“အဓိကကတော့ အဲမှာသက်ဆိုင်ရာ မြို့နယ်ဥက္ကဋ္ဌနဲ့ သက်ဆိုရာ မွန်ပြည်သစ်ပါတီကလည်း မြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး၊ ကျနော်တို့ ဘက်ကလည်း သက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး အဲမှာ သူတို့အတူတကွ သွား ပြီးတော့ အခင်းဖြစ်တဲ့နေရာကို သွားပြီး စိစစ်ပြီးတော့တပ်တွေကို နောက်ထပ်မဖြစ်ရေးအတွက် သွားပြီးတော့ နေရာပြန်လည်ချထားဖို့ အဲတာတော့ရှိမယ်”
ဒီနေ့မြို့နယ်အဆင့်နှစ်ဖက် တပ်ရင်းမှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေ တွေဆုံပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNU နဲ့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့်မရခဲ့ပါဘူး။
ဒီလို့နှစ်ဘက်ခေါင်းဆောင်တွေ တိုက်ပွဲတွေမဖြစ်ဖို့ ဆွေးနွေးနေပေမယ့် မနေ့တုန်းက ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ဗလဲ့ဒွန်ဖိုက် (မွန်) ရွာနဲ့ ထီးဝါးဒို့ (ကရင်) ရွာတွေမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KNU တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်ဟိုတခါပြောသလို့ ထီးဝါးဒိုနားမှာပေါ့ အဲနားမှာပဲခင်ဗျ၊ မနေ့တုန်းပစ်ခတ်မှုကတော့ ကျနော်လည်း အတိအကျ မသိရသေးဘူးနော်”
လက်ရှိအချိန်မှာ မွန်နဲ့ကရင်နယ်စပ်က ကျေးရွာတွေအပါအဝင် မွန်ပြည်သစ်နဲ့ KNU တပ်တွေထိစပ်နေတဲ့နေရာတွေ မှာ ပဋိပက္ခတွေထပ်ဖြစ်မလားဆိုပြီး စိုးရိမ်ကြောက်လန့်နေတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဘုရားသုံးဆူမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကျိုက်မရောမြို့နယ် မယ်တီရိုကျေးရွာသားတွေဟာဆိုရင်လည်း ညဘက်မှာ ကိုယ့်အိမ်ကို မအိပ်ရဲကြဘဲ သူများနေအိမ်တွေကို သွားရောက်အိပ်နေရတာတွေရှိတယ်လို့ မယ်တီရိုကျေးရွာက ဆရာတော်ကမိန့်ပါတယ်။
“အခြေအနေကတော့ ဒါယကာ ဒါယကာမာတွေကတော့ ကြောက်နေကြတာပေါ့၊ သူတို့အိပ်တဲ့အချိန်မှာ တခြားအိမ်တွေဆီ ပြောင်းအိပ်တယ်ပေါ့လေ”
မွန်ပြည်သစ်ပါတီနဲ့ KNU အဖွဲ့တွေဟာ နယ်မြေအငြင်းပွားနေတာကြောင့် မွန်ကရင်နယ်စပ်အပါအဝင် တနင်္သာတိုင်းမှာပါ မကြာခဏ ပစ်ခတ်တာတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး သဘောထားကြီးကြဖိ့ု လိုမယ်
မွန်နဲ့ကရင်တပ်တွေ ထိတွေ့တာတွေဟာ နယ်မြေအငြင်း ပွားရာကနေ လူမျိုးရေးအဆင့်အထိ ဖြစ်နိုင်တာကြောင့် နှစ်ဖက်ခေါင်းဆောင်တွေနဲ့ အစိုးရဟာ အမြန်ဆုံးဖြေ ရှင်းသင့်တယ်လို့ မွန်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေး ရှင်းအဖွဲ့က မင်းအောင်ထူး က ပြောပါတယ်။
“မွန်ကရင်နယ် အဲလိုနယ်မြေတွေ ထပ်တဲ့နေရာတွေမှာ ပဋိပက္ခတွေက ခဏခဏဖြစ်တယ်၊ ဟို ၁၉၈၇၊ ၁၉၈၈ လောက်ကလည်း အဲလိုမျိုးအကြီးအကျယ်ဖြစ်ခဲ့ဖူးတာ ရှိတယ်၊ ဒီကိစ္စဟာ အမြန်မထိန်းသိမ်းနိုင်ဘူးဆိုရင် အဲလိုမျိုးအရင်တုန်းကလို ပေါက်ကွဲတာမျိုးဖြစ်သွားခဲ့ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း တိုက်ရိုက်ထိခိုက်တယ်၊ လူထုအတွက်လည်း အကျိုးယုတ်တာတွေဖြစ်စေမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘော ထားကြီးကြဖိ့ုလိုမယ်၊ အစိုးရကလည်း ဒီကိစ္စကိုအမြန်ဆုံး ထိန်းသိမ်းဖို့လိုတယ်လို့ ပြောချင်တယ်”
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ် သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းကို RFA က မေးကြည့်ရာမှာတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဆောင်ရွက်ဖို့ မနက်ဖြန် အစည်းအဝေးမှာ တင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။
KNU နဲ့ မွန်ပြည်သစ်ဟာ မွန်နဲ့ကရင်လူမျိုးအားလုံးကို ကိုယ်စားမပြုနိုင်တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မရှိနိုင်ဘူးလို့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်း ကပြောပါတယ်။
“အဲဒီမွန်တွေနဲ့ အဲဒီကရင်တွေ ခဏခဏထိတွေ့မှုတွေဖြစ်နေကြတာ၊ ကရင်ကလည်း ကရင်အားလုံးကို ကိုယ် စားပြုတာ မဟုတ်ပါဘူး၊ မွန်ကလည်း မွန်အားလုံးကို ကိုယ်စားပြုတာမဟုတ်ပါဘူး၊ သူတို့ဖြစ်နေတာတွေဟာ လူမျိုးကိုရိုက်ခတ်မယ်တော့ ကျနော်မထင်ပါဘူး”
KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ဖြစ်ကြပါတယ်။