မုံရွာမှာ တိုင်းဝန်ကြီးချုပ်ပါဝင်တဲ့ လမ်းလျှောက်ပွဲ မိုင်းခွဲခံရပြီး ခုနစ်ဦးခန့် ဒဏ်ရာရ
မုံရွာမြို့၊ ကန်သာယာ ကန်ပတ်လမ်းမှာ စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်အပါအဝင် ဝန်ထမ်းတွေနဲ့ လမ်းလျှောက်ပွဲ ပြုလုပ်နေချိန် မနေ့မနက်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဝန်ထမ်း ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
-
RFA Burmese
2023-12-24 -
-
-
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာ ကန်ပတ်လမ်းမှာ စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်အပါအဝင် ဝန်ထမ်းတွေနဲ့ လမ်းလျှောက်ပွဲ ပြုလုပ်နေချိန် ဒီဇင်ဘာလ ၂၃ ရက် မနေ့မနက်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဝန်ထမ်း ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၇ နာရီခန့်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ဦးဆောင်ပြီး လမ်းလျှောက်ပွဲပြုလုပ်နေချိန်မှာ မိုင်းဖောက်ခွဲခံခဲ့ရတာလို့ ဆိုပါတယ်။
တိုင်းဝန်ကြီးချုပ်ကို ဦးတည်ဖောက်ခွဲတာ ဖြစ်ပေမယ့် ဂျန်မာ (ရေဒီယို လှိုင်းဖြတ်စက်) တွေ ရှိနေတဲ့အတွက် ဝန်ထမ်းခုနစ်ဦးခန့်ပဲ ဒဏ်ရာရခဲ့တယ်လို့ မိုင်းဖောက်ခွဲမှု လုပ်ခဲ့တဲ့ မုံရွာမြို့အခြေစိုက် Golden Eagle Force အဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“မနေ့က မနက်ခင်း ၇ နာရီဝန်းကျင်လောက်ပဲ ဒီစစ်ဆင်ရေးကို လုပ်ခဲ့တာပါဗျာ။ ဝန်ကြီးကတော့ ထိခိုက်မှု မရှိဘူးဗျ။ သူက ရှေ့၊ နောက် ဂျန်မာ (ရေဒီယိုလှိုင်း ဖြတ်စက်) တွေနဲ့ ကျောပိုးအိတ်ထဲ ဂျန်မာတွေထည့်ပြီး သူ့ကို ကာကွယ်ပေး ထားတာဆိုတဲ့အတွက် မိုင်းက အဝေးထိန်းနဲ့ခွဲတာဆိုတော့ ထိခိုက်မှု မရှိပါဘူး။ လူတန်းကြီးကျော်ပြီးမှ မိုင်းက ထပြီးကွဲသွားတာပါဗျ။ အဲဒီမှာ Non-CDM တွေနဲ့ ဘေးမှာ လုံခြုံရေး ယူပေးထားတဲ့ စကစ တပ်ဖွဲ့ဝင်တချို့တော့ ထိခိုက်ဒဏ်ရာ ရသွားတယ်။ သတင်းရတာတော့ ခုနစ်ဦးတော့ ထိခိုက်မှုရှိတယ်။ သေဆုံးစာရင်းကတော့ အတည်ပြုလို့ မရပါဘူး။ မိုင်းပေါက်ကွဲ အရှိန်ပြင်းတာကြောင့် ဝန်ကြီးချုပ်ကတော်နဲ့ တရားသူကြီးကတော်တွေကတော့ လန့်ကာ လဲကျပြီး ဆေးရုံရောက်သွားတယ်လို့တော့ သိရပါတယ်”
မုံရွာမြို့ခံတွေကတော့ မုံရွာမြို့၊ ကန်သာယာ ကန်ပတ်လမ်း တစ်လျှောက်ကို စစ်ကောင်စီ ဘက်က စနေ့နေ့တိုင်း လမ်းပိတ်ပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေတာလို့ ပြောပါတယ်။
မနေ့က မနက်ပိုင်း ၇ နာရီခန့်မှာတော့ အဲဒီ ကန်ပတ်လမ်းနေရာကနေ ပေါက်ကွဲသံ အကျယ်ကြီး ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“၇ နာရီဝန်းကျင်လောက် အသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဝန်ကြီးချုပ်ကတော် ကတော့ အဲဒီနားလေးတင် သတိမေ့သွားတယ်တဲ့။ အဲဒီနေရာကို ဘယ်သူမှ သွားလို့မရဘူး။ လမ်းပိတ်ထားတာဗျ။ စနေ့နေ့တိုင်း လမ်းပိတ်တယ်။ သူတို့က ဌာနဆိုင်ရာတွေ စနေနေ့တိုင်း လမ်းလျှောက်ကြတာ။ အများသူငှာတွေ မနက်ခင်း သွားရင်တောင် အဝင်မခံဘူး။ သူတို့လူတွေပဲ အဝင်ခံတယ်။ ဒဏ်ရာရသူတွေ ရှိတယ်ကြားတယ်။ သေချာတော့ မသိဘူး။ မနေ့က ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး။ နာရီဝက်၊ တစ်နာရီလောက်ကြာတော့ ပြန်ဖွင့်သွားတာပဲ”
မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်မေးမြန်း ခဲ့ရာမှာတော့ ခရီးထွက်နေတာကြောင့် သူ့အနေနဲ့ ဒီကိစ္စကို သေချာမသိရသေးဘူးလို့ အကြောင်းပြန်ပါတယ်။
မုံရွာအခြေစိုက် Golden Eagle Force ကတော့ နောက်ထပ် စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ တတ်နိုင်သမျှ ဝေးအောင် ရှောင်ဖယ်သွားလာကြဖို့ ဒီဇင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန် အသိပေးထားပါတယ်။