ဆီဆိုင်မှာ PNLO ဒုဥက္ကဋ္ဌ-၂ နေအိမ်အပါအ၀င် နေအိမ်ခုနစ်လုံး ဖျက်ဆီးခံရ
ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ဒုဥက္ကဋ္ဌ -၂ ဗိုလ်မှူး ကျော်ထင်ရဲ့ မိသားစုနေအိမ်အပါအဝင် ကျေးရွာအတွင်းက နေအိမ်ခုနစ်လုံး ဧပြီလ ၂၀ ရက်နေ့မှာ ဖျက်ဆီးခံတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-23 -
-
-
ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ -၂ ဗိုလ်မှူး ကျော်ထင်ရဲ့ မိသားစုနေအိမ်အပါအဝင် ကျေးရွာအတွင်းက နေအိမ်ခုနစ်လုံး ဧပြီလ ၂၀ ရက်နေ့မှာ ဖျက်ဆီးခံတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) ပူးပေါင်းအဖွဲ့တွေ လာရောက်ဖျက်ဆီးသွားတာလို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဒုဥက္ကဋ္ဌအိမ်လည်း ဖျက်ဆီးခံရတာ ဟုတ်တယ်။ ပြီးတော့ အနီးအနားက အိမ်တွေကိုလည်း ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖျက်ဆီးသွားတာ။ လူတွေတော့ ရှောင်နေကြတော့ အဖမ်းခံရတာမရှိဘူး”
(PNLO) ဒုဥက္ကဋ္ဌ-၂ နေအိမ်ရှိတဲ့ ဆီဆိုင်မြို့နယ် ဘန်းယာဉ်မြို့အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ (PNO) ပူးပေါင်းအဖွဲ့တွေက အခုရက်ပိုင်းမှာ စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
(PNLA) ဘက်ကတော့ အဲဒီနေအိမ်တွေကို (PNO) ပြည်သူ့စစ်အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင် ဦးဆောင်တဲ့အဖွဲ့က ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှာ ဖျက်ဆီးသွားတာလို့ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်တယ်ဆိုပြီး အခုလို လာရောက်ဖျက်ဆီးတာလို့ (PNLA) ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကိုပြောပါတယ်။
"ဒုဥက္ကဋ္ဌအိမ်ရော အနီးအနားကအိမ်တွေပါ စုစုပေါင်းခုနစ်လုံး ဖျက်ဆီးသွားတယ်။ တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေရဲ့ အိမ်တွေဆိုပြီး ဖျက်ဆီးသွားတာ။ နေအိမ်က ပစ္စည်းတွေလည်း သယ်သွားတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ (PNO) ပြည်သူ့စစ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်နေတာ သုံးလကျော်ရှိပြီ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအပြင် မီးရှို့ဖျက်ဆီးခံရတာကြောင့် ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် နေအိမ် စုစုပေါင်းခြောက်ရာကျော် ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။