ဒီပဲယင်းမြို့နယ် စိုင်ပြင်မှာ ကလေးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2023-03-28 -
-
-
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာ မတ်လ ၂၇ ရက်နေ့ မနေ့တုန်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတင်လင်မြို့နယ်၊ ဆုံကုန်းရွာဘက်ကနေ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီ တပ်က ဘုတလင်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ် စိုင်ပြင်မြို့ကို စစ်ကြောင်းထိုးလာတာ ကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စိုင်ပြင်မြို့၊ အမှတ် ၆ ရပ်ကွက်က နေအိမ်တစ်လုံးထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲမှာရှိနေတဲ့ မိန်းကလေး သေဆုံးခဲ့ရ တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စိုင်ပြင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အတည်ပြုနိုင်တာက အဲဒီကလေးတစ်ယောက်ပေါ့နော်။ အိမ်ပေါ်ကိုကျသွားတာ။ ပွဲချင်းပြီးသေသွားတယ်။ နောက် ဒဏ်ရာရတာရှိတွေလည်း ရှိတယ်။ အဲဒီအထဲမှာလည်း ဒဏ်ရာပြင်းထန်တာလည်းရှိတယ်။ ဆေးကုသမှု လုပ်နေရတယ်”
အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိပြီးတဲ့နောက် အခုချိန်မှာတော့ စိုင်ပြင်မြို့ပေါ်မှာ နေထိုင်တဲ့ သူတွေမရှိတော့ဘဲ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင် ဒီပဲယင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကတော့ မနေ့က နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
အရပ်သား ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးသူ အရပ်သား ၃၁၆၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။