Dawei Watch သတင်းသမားနှစ်ဦးကို ချက်ချင်းလွှတ်ဖို့ CPJ တိုက်တွန်း

ဒီသတင်းသမားနှစ်ဦးကို နှစ်ရှည်ပြစ်ဒဏ်တွေချမှတ်တာဟာ အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သတင်းသမားတွေကြား အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်တာဖြစ်တယ်လို့ CPJ ရဲ့ အကြီးတန်းကိုယ်စားလှယ်က ပြောပါတယ်။

သတင်းထောက် ကိုအောင်ဆန်းဦး (ဝဲ) နှင့် သတင်းထောက် ကိုမျိုးမြင့်ဦး (ယာ) တို့ကို တွေ့ရစဉ်။ Dawei Watch

နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတဲ့ Dawei Watch သတင်းဌာနက သတင်းသမားနှစ်ဦးကို ချက်ချင်းလွှတ်သင့်ကြောင်းနဲ့ သတင်းထောက်တွေအပေါ် ဖိနှိပ်ဖို့ အကြမ်းဖက်မှုပုဒ်မတွေသုံးပြီး စွဲချက်တင်နေတာတွေ ရပ်တန့်သင့်ကြောင်း စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဩဂုတ် ၂၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှရေးရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ဒီသတင်းသမားနှစ်ဦးကို နှစ်ရှည်ပြစ်ဒဏ်တွေချမှတ်တာဟာ အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သတင်းသမားတွေကြား အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

သတင်းသမားတွေဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ရပြီး ကိုအောင်ဆန်းဦးကို ထောင်အနှစ် နှစ်ဆယ်နဲ့ ကိုမျိုးမြင့်ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံဖို့ မြိတ်အကျဉ်းထောင် စစ်ခုံရုံးက အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာကို အကျဉ်းထောင်က အသိပေးထုတ်ပြန်တာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

Dawei Watch သတင်းဌာနရဲ့ ဩဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုအောင်ဆန်းဦးကို ခန့်မှန်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ အမိန့်ချခဲ့ပြီး ကိုမျိုးမြင့်ဦးကိုတော့ ခန့်မှန်း မေလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ လေးရက်ကြာ ရိုက်နှက်စစ်ဆေးခံခဲ့ရသလို ဥပဒေနဲ့အညီ ခုခံကာကွယ်ချေပခွင့် မရခဲ့ဘူးလို့လည်း Dawei Watch သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

CPJ ရဲ့ ၂ဝ၂၃ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ သတင်းသမား ၄၃ ဦး အကျဉ်းချခံထားရပြီး ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး သတင်းသမား ဖမ်းဆီးခံရတဲ့ နိုင်ငံဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org