မြေယာပြဿနာ ဖြေရှင်းပေးဖို့ ထားဝယ် အရပ်ဖက်အဖွဲ့တွေ တောင်းဆို
ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အကောင်အထည်မဖော်ခင် စီမံကိန်းစတင်ချိန်က ဖြစ်ပွားခဲ့တဲ့ မြေယာပြဿနာတွေအားလုံးကို ဖြေရှင်းပေးဖို့နဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ ထားဝယ် အရပ်ဖက် အဖွဲ့အစည်းတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
-
2018-02-21 -
-
-
ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အကောင်အထည်မဖော်ခင် စီမံကိန်း စတင်ချိန်က ဖြစ်ပွားခဲ့တဲ့ မြေယာပြဿနာတွေအားလုံးကို ဖြေရှင်းပေးဖို့နဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက် တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ ထားဝယ် အရပ်ဖက် အဖွဲ့အစည်းတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဘယ်သူ တာဝန်ယူဖြေရှင်းမလဲဆိုတာနဲ့ စီမံကိန်း မစခင်မှာ၊ စီမံကိန်းနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ သတင်းအချက်အလက် ရရှိဖို့လည်း ဒေသခံတွေအတွက် အရေးကြီးတယ်လို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း DDA အဖွဲ့က ကိုသန့်ဇင် က ပြောပါတယ်။
"မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဘယ်သူ တာဝန်ယူဖြေရှင်းမလဲ ဆိုတဲ့မေးခွန်းကို ပြန်မစခင် အရင်စဉ်းစားဖို့ လိုတယ်လို့ထင်တယ်၊ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လုံလောက်တဲ့ လက်လှမ်းမီနိုင်တဲ့ သတင်းအချက်အလက် ရရှိမှုပေါ့လေ အဲဒီဟာလည်း ဒေသခံတွေအတွက် အရေးကြီးတယ်၊ သတင်းအချက်အလက် မပြည့်စုံလို့ရှိရင် ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းက သူတို့အပေါ်မှာ ဘယ်လိုသက်ရောက်နိုင်ခြေရှိသလဲ၊ ပြီးလို့ရှိရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ စဉ်းစားမှုမျိုးလုပ်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအချက် ကတော့ အဓိကအရေးကြီးတဲ့အချက်လို့ထင်တယ်"
ထားဝယ် စီမံကိန်း စတင်စဉ်က အီတာလျံထိုင်း ကုမ္ပဏီက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး မြေယာလျော်ကြေး ညှိနှိုင်းလို့ အဆင်မပြေသေးတဲ့ မြေတွေကို အဓမ္မသိမ်းယူပြီး အကောင်အထည်ဖော်တာ၊ ငါးဖမ်းခွင့်ကန့်သတ်တာ စတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့လိုကြောင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ကို လုပ်ထုံးလုပ်နည်းနဲ့အညီ စီမံကိန်းမစတင်ခင် အရင်လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာ နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက ဦးဆောင်ကာ မြန်မာအစိုးရ၊ ထိုင်းအစိုးရ အပါအဝင် ဂျပန်နိုင်ငံကပါ ပါဝင်ကာ စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်နေပေမယ့် ဒေသခံတွေကို စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ချမပြတဲ့ အတွက် ဘယ်နေရာတွေဟာ စီမံကိန်း ဧရိယာထဲပါမယ်၊ ဘယ်နေရာကို ရွှေ့ပြောင်းပေးရမယ်ဆိုတာတွေ မသိတာကြောင့် ဒေသခံတွေက စိုးရိမ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စီမံကိန်းမှာ ဘာစက်ရုံတွေ ပါမလဲဆိုတာ မသိသေးတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့စက်ရုံတွေ ပါဝင်လာမှာကို စိုးရိမ်နေကြသလို ဒေသခံတွေနဲ့ ကိုက်ညီတဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေလို ဒေသခံတွေအတွက် ကိုက်ညီတဲ့စီးပွားရေးလုပ်ငန်းမျိုးကို အစိုးရအနေနဲ့ စဉ်းစာလုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အဲဒီကြေညာချက်ကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ထားဝယ် အမျိုးသမီးသမဂ္ဂ၊ ကမ္ဘာမြေအခွင့်အရေးအဖွဲ့၊ ပေါင်းကူး၊ တာကပေါလူငယ် စတဲ့ တနင်္သာတိုင်းနဲ့ နေရာအနှံ့က အရပ်ဖက်အဖွဲ့ ၃၀ ကျော်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနယ်စပ်အထိ လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လမ်းဖောက် လုပ်ဖို့ တိုင်းဒေသကြီးအစိုးရက လျာထားပြီး ထားဝယ် အထူးစီးပွားရေးဇုန်ကို ITD ကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီတို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းဟာ အရင်က အီတာလျံထိုင်းကုမ္ပဏီက ဆောင်ရွက်နေပြီး လျော်ကြေး ပြဿနာတွေ၊ မြေယာပြဿနာတွေကြောင့် ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာကြောင့် စီမံကိန်း အကောင်အထည် ဖော်ရာမှာ နှေးကွေးလို့ဆိုပြီး ၂၀၁၃ ခုနှစ်ကုန်ပိုင်းကတည်းက ရပ်နားထားတဲ့ စီမံကိန်းဖြစ်ပါတယ်။